Home
မြန်မာသတင်း
COVID- 19 အရေးအတွက် မြန်မာကို ယူကေက ဒေါ်လာ ၃၆ သန်းခန့် ကူညီမည်
DVB
·
May 20, 2020
COVID-19 ရောဂါဖြစ်ပွားမှုရဲ့ အကျိုးဆက်တွေကို လျှော့ချကန့်သတ်နိုင်ဖို့  မြန်မာနိုင်ငံကို ယူကေအစိုးရက  အမေရိကန် ဒေါ်လာ ၃၆ သန်းခန့် ကူညီမယ်လို့ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ သက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင်တွေအတွက် လျာထား စီမံထားတဲ့ ပံ့ပိုးမှုတွေထဲက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၆ သန်းခန့်ကို မြန်မာနိုင်ငံရဲ့ COVID-19 ကူးစက်ပျံ့နှံ့မှုရဲ့ အကျိုးဆက်ကို လျှော့ချကန့်သတ်နိုင်ဖို့အတွက် ခွဲဝေပံ့ပိုးလိုက်တာပါ။ အရှေ့တောင်အာရှဆိုင်ရာ ယူကေဝန်ကြီး Nigel Adams က “မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေကို ပိုမိုအားကောင်းလာဖို့ ကူညီရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ ယူကေက ကြိုးပမ်းနေပါတယ်။ ဒီကြိုးပမ်းမှုတွေကတဆင့် ကမ္ဘာနဲ့တဝန်း လူ့အသက်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ အရေးပါတဲ့ ဝန်ဆောင်မှုများကို ကာကွယ်ခြင်းနဲ့ ကိုရိုနာဗိုင်းရစ် ပျံ့နှံ့မှုအနာဂတ်လှိုင်းတွေရဲ့ အန္တရာယ်ကို လျှော့ချခြင်းအားဖြင့် ယူကေက ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။”လို့ ပြောပါတယ်။ UK Aid က မြန်မာအစိုးရ၊ ကုလသမဂ္ဂ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ တခြားတာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ အတူတကွ လက်တွဲပြီး သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက ပြည်သူတွေအပါအဝင်  COVID-19 ကြောင့် ထိခိုက်နစ်နာမှုအ များဆုံး ခံနေရသူတွေကို ဦးစားပေး ကူညီပံ့ပိုးမှာ ဖြစ်ပါတယ်။ ယူကေက ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီရန်ပုံငွေက တဆင့် အမေရိကန်ဒေါ်လာ ၁၆ သန်းနီးပါးကို  လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်သီဒေသက ပြည်သူတွေအတွက် အဓိက ဆေးဝါးအထောက်အပံ့ပစ္စည်းတွေ ပံ့ပိုးပေးဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ လက်လှမ်းမှီစွာ ရရှိရေး ပံ့ပိုးသုံးစွဲနေတယ်လို့ သိရပါတယ်။  ဒါ့ပြင် UK Aid က အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ ကတဆင့် အမေရိကန်ဒေါ်လာ ၁၅သန်းနီးပါး အသုံးပြုနေပြီး ရန်ပုံငွေထည့်ဝင်တဲ့ တခြားအလှူရှင်တွေနဲ့တူ ကိုယ်ဝန်ဆောင်နဲ့ မွေးဖွားပြီးစ ကလေးမိခင် ၂၄၂၀၀၀ ဦး၊ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို ၂၀၀၀၀၀ ဦးတို့ကို တစ်ဦးလျှင် မြန်မာကျပ်ငွေ ၃၀၀၀၀ အပိုထပ်ဆောင်း ငွေကြေးပံ့ပိုးမှု ကူညီနိုင်မယ်လို့လည်းဆိုပါတယ်။  မြန်မာနိုင်ငံရှိ UK Aid  ရဲ့  ဌာနေညွှန်ကြားရေးမှူး Dr Rurik Marsden က  “ကိုရိုနာဗိုင်းရပ်စ်စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာ UKaid က မြန်မာနိုင်ငံကို ပံ့ပိုးကူညီဖို့ ခိုင်မာတဲ့ သန္နိဌာန်ချထားပါတယ်။ ဒီလို ကမ္ဘာ့ကပ်ဘေးကို အဆုံးသတ်ဖို့ဆိုရင် ကမ္ဘာတဝန်းက နိုင်ငံအားလုံး အတူတကွ လက်တွဲပြီး လူသားအားလုံးအတွက် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ အထိခိုက်လွယ်ဆုံးသူများအားလုံးကို ကာကွယ်ဖို့အတွက် ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ  အစွမ်းကုန် ပါဝင်ကူညီနေပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ လာမယ့်နှစ်မှာလည်း COVID-19 တုံ့ပြန်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၁၂ သန်းကို ထပ်မံပံ့ပိုးသွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။  COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး ပြည်သူအသိပညာပေးရေး အစီအစဉ်တွေ လုပ်နေတာ၊ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ပြုလုပ်တာ၊ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပူးတွဲကော်မရှင်တစ်ရပ်ဖွဲ့စည်းတာတွေကို ဗြိတိန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ကြိုဆိုတယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဗြိတိန်နိုင်ငံက ကမကထလုပ်ပြီး  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခု ပြုလုပ် ခဲ့ပါတယ်။ ဓာတ်ပုံ- UK in Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024