Home
မြန်မာသတင်း
COVID-19 အရေးပေါ်တုံ့ပြန်ရေးစီမံချက်အတွက် ကမ္ဘာ့ဘဏ်ထံမှ ဒေါ်လာ သန်း ၅၀  ချေးငွေရယူရန် လွှတ်တော်သို့ တင်ပြ
DVB
·
May 19, 2020
COVID-19 အရေးပေါ်တုံ့ပြန်ရေးစီမံချက်ကို အကောင်အထည်ဖော်ဖို့အတွက် ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးငွေရယူခွင့်ပြုဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ စီမံကိန်း၊ဘဏ္ဏာရေးနဲ့စက်မှုဝန်ကြီးဌာနတို့က ပြည်ထောင်စုလွှတ်တော်ကို မေလ ၁၈ ရက်နေ့မှာ ရှင်းလင်းတင်ပြလိုက်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ဒီချေးငွေကို ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာရန်ပုံငွေအဖွဲ့ IDA ထံကနေ ကာလရှည်ချေးငွေအနေနဲ့ ရယူမှာပါ။ လူအမြောက်အများကို ကုသမှုပေးနိုင်ဖို့အတွက် နိုင်ငံအနှံ့က ဆေးရုံတွေရှိ အထူးကြပ်မတ်ဆောင်တွေ အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာကြောင့် အခုလို ချေးငွေရယူရတာလို့   ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမြလေးစိန်က လွှတ်တော်မှာ ရှင်းလင်းပြောကြားပါတယ်။ ဒေါက်တာမြလေးစိန်က" လူအမြောက်အများကို ထိရောက်စွာကုသမှုပေးရန်၊ယခု COVID-19 သာမကဘဲ အခြားဖြစ်ပေါ်လာနိုင်သော ကပ်ရောဂါများအတွက် အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ရန် အတွက် လိုအပ်လာပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများတွင်ရှိသော အထူးကြပ်မတ်ကုသဆောင် ICU များကို အဆင့်မြှင့်တင်ရန် အတွက် COVID-19 တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ Fast Track COVID-19 Facility ခေါင်းစဉ်အောက်က  နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ကာ ၂၀၁၉-၂၀၂၀ ၊၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်ရန်ရည်ရွယ်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ COVID-19 အရေးပေါ်တုံ့ပြန်ရေးစီမံချက် (Myanmar COVID-19 Emergency Response Project) ကို စီမံကိန်းကာလအနေနဲ့ ၂ နှစ်သတ်မှတ်ထားပြီး ချေးငွေသက်တမ်းမှာ ဆိုင်းငံ့ ၅ နှစ် ၊ ပြန်ဆပ် ၂၅ နှစ် စုစုပေါင်း နှစ် ၃၀ ဖြစ်ပါတယ်။ အတိုးနှုန်းအနေနဲ့ တစ်နှစ်ကို ၁ ဒသမ ၂၅ ဖြစ်ပြီး ဝန်ဆောင်ခမှာ ၀ ဒသမ ၇၅ ဖြစ်တဲ့အတွက် သက်သာတဲ့ ချေးငွေဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အခုချေးငွေနဲ့ ပတ်သက်ပြီး စီမံကိန်း၊ဘဏ္ဏာရေးနဲ့ စက်မှုဝန်ကြီးဌာနကလည်း ထောက်ခံခဲ့ပါတယ်။ စီမံကိန်း၊ဘဏ္ဏာရေးနဲ့ စက်မှုဒုဝန်ကြီး ဦးမောင်မောင်ဝင်းက" ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ရောဂါကူးစက်မှုနဲ့ ရောဂါကြောင့် သေဆုံးမှုကို အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လျှော့ချနိုင်မှာဖြစ်ပြီးတော့ ရောဂါဖြစ်ပွား မှုကာလ ကျော်လွန်ပြီးပါက ယခုစီမံကိန်းဖြင့် အဆင့်မြှင့်တင်ထားတဲ့ လူနာဆောင်များနဲ့ အထူးကြပ်မတ်ကုသဆောင်များဟာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အဆင့်မြင့် မားလာစေဖို့အတွက် ဆက်လက်အထောက်အကူပြုနိုင်မှာဖြစ်သဖြင့် ရေရှည် အကျိုးဖြစ်ထွန်းစေမှာဖြစ်တဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်တယ် " လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ  နိုင်ငံရဲ့ ပြည်ပကြွေးမြီအခြေအနေဟာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၅ ဘီလီယံရှိပြီး ပြည်ပကြွေးမြီနဲ့ ဂျီဒီပီအချိုး ၁၃.၁၃ ရှိတဲ့အတွက် ကြွေးမြီခံနိုင်တဲ့အတိုင်းအတာမှာ ရှိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ အခုချေးငွေမတိုင်ခင်မှာ ပြည်ပချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၀၅၃ သန်း ရယူထားပြီး ထုတ်ယူသုံးစွဲငွေမှာ ၇၅ ဒသမ ၈၀၆ သန်းဖြစ်တယ်လို့ စီမံကိန်း၊ဘဏ္ဏာရေးနဲ့ စက်မှုဝန်ကြီးဌာန ရှင်းလင်းချက်တွေအရ သိရပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)၊ ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024