Home
မြန်မာသတင်း
ဖြည့်စွက်သုံးငွေစိစစ်ရာတွင် ပုံမှန်လုပ်ငန်းစဉ်ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို နားလည်ပေးရန် လွှတ်တော်နာယက ပန်ကြား
DVB
·
May 18, 2020
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဖြည့်စွက်သုံးငွေတွေကို စိစစ်ရာမှာ လက်ရှိအခြေအနေအရ ပုံမှန်လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ခြင်းမရှိတာကို ထည့်သွင်းနားလည်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို  ဒီကနေ့ ပြန်စတင်ရာမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြော ကြားသွားတာပါ။ အခုတစ်ကြိမ်လွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဏာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်အတွင်းမှာ  ဆွေးနွေးအတည်ပြုဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ လက်ရှိကာလအတွင်း မဖြစ်မနေဆောင်ရွက်ပေးရမယ့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဏာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဏာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် ဦးစားပေးဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေကို ကာလတိုအတွင်း ပြီးစီးနိုင်အောင် စီမံဆောင်ရွက်ထားကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ဦးတီခွန်မြတ်က ပြောပါတယ်။  COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်ပေမယ့် မဖြစ်မနေ အခြေအနေအရ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။  လွှတ်တော်ကိုယ်စားလှယ်တွေ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး၊ သွားလာရေးနဲ့ နေထိုင်စားသောက်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နဲ့အညီ တတ်စွမ်းသမျှဆောင်ရွက်ထားတယ်လို့လည်း ပြည်ထောင်စု လွှတ်တော်နာယက က ပြောပါတယ်။ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို နှစ်ပတ်လောက်သာ ဆောင်ရွက်ဖို့ လျာထားပြီး ဒီအချိန်အတွင်း ဥပဒေကြမ်းတွေ အတည်ပြုခြင်း၊ ချေးငွေရယူတဲ့ကိစ္စ အတည်ပြုခြင်းတို့ကို ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024