ပုံနှိပ်-ထုတ်ဝေ နဲ့ မီဒီယာ ဥပဒေကြမ်း၂ ခုလုံး လွှတ်တော်တင်မည်
DVB
·
April 29, 2013
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်းနဲ့ စာနယ်ဇင်းကောင်စီ က ရေးဆွဲထားတဲ့ “မီဒီယာ” ဥပဒေကြမ်း ၂ ခုလုံးအတွက် လွှတ်တော်ကို တင်ပြ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဒီဗွီဘီ ကို ပြောပါတယ်။
ဥပဒေကြမ်း ၂ ခုလုံးအတွက် လွှတ်တော်ကို တင်ပြရာမှာ အပြိုင်သဘော မဟုတ်ဘဲ နှစ်ဘက် ညှိနှိုင်း သဘောတူညီချက်ရတဲ့ အနေအထားအောက်မှာ တင်ပြဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ စာနယ်ဇင်းကောင်စီဝင်တွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ချုပ် ဦးတင့်ဆွေတို့ တွေ့ဆုံပွဲမှာ ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ “ပုံနှိပ်-ထုတ်ဝေ” ဥပဒေကြမ်းထဲက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ရာရောက်တဲ့ ကောင်စီဘက်က သဘောမတူတဲ့အချက်တွေကို ထောက်ပြခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနဘက်ကလည်း လက်ခံမယ့်သဘောရှိတယ်လို့ ဦးဇော်သက်ထွေးက ရှင်းပြပါတယ်။
စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ “မီဒီယာ” ဥပဒေကြမ်းရဲ့ ထူးခြားချက်ကတော့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ ပုံနှိပ်စာတွေသာမက ရေဒီယို၊ ရုပ်သံနဲ့ အင်တာနက်အွန်လိုင်း အားလုံး လွှမ်းခြုံ ပါဝင်ပါတယ်။