တာမွေမြို့နယ်တွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ အယောက် ၂၀ ကို ထောင်ဒဏ်ချမှတ်
သူဇာလင်း
·
May 15, 2020
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ညမထွက်ရအမိန့်ဖောက်ဖျက်သူ အယောက် ၂၀ ကို အလုပ်မဲ့ထောင်ဒဏ် ၁ လစီ ချမှတ်ထားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကနေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဧပြီ ၁၈ ရက်နေ့က စပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၄၅ ခုကို ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။
အဲဒီအထဲမှာတော့ တာမွေမြို့နယ်လည်း ပါဝင်ခဲ့ပြီး ညမထွက်ရအမိန့်ကို လိုက်နာမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်တဲ့ ပြည်သူ အယောက် ၂၀ ကို တည်ဆဲဥပဒေအရ အလုပ်မဲ့ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တယ်လို့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်သတ်မှတ်ထားရာကနေ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ မေလ ၁၅ ရက်နေ့ကစပြီး ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
COVID-19 ရောဂါကို ထိန်းချိုပ်နိုင်ဖို့အတွက်လည်း တာမွေမြို့နယ်အတွင်းက ရပ်ကွက် ၂၀ ထဲက လူဦးရေများပြီး ရောဂါပိုးကူးစက်ခံရသူတွေနေထိုင်တဲ့ ရပ်ကွက် ၁၆ ရပ်ကွက်ကို မေ ၁၇ ရက်နေ့ ကျန်းမာရေးစစ်တမ်းကောက်ယူသွားမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးစစ်တမ်းကောက်ယူတာကိုတော့ မနက် ၆ နာရီကနေ ၁၀ နာရီအတွင်း ကောက်ယူသွားမှာဖြစ်ပြီး မြို့နယ် COVID-19 ကော်မတီက ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းကျန်းမာရေးဦးစီးဌာန ဆေးတက္ကသိုလ် ဆရာဝန်တွေ၊ တပ်မတော်သားနဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် လူဦးရေ အယောက် ၁၀၀၀ ကျော် ကွင်းဆင်းကောက်ယူသွားမှာဖြစ်ပါတယ်။
တာမွေမြို့နယ်မှာတော့ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးစစ်တမ်းကောက်ယူတာကိုတော့ COVID-19 ရောဂါပိုး အများဆုံးကူးစက်ခံရတဲ့ အင်းစိန်မြို့နယ်ကို ပထမဆုံးကောက်ယူခဲ့ပြီး မေ ၁၆ ရက်နေ့မှာလည်း လှိုင်သာယာမြို့နယ်ကို ကျန်းမာရေးစစ်တမ်းကောက်ယူသွားမှာပါ။