တာချီလိတ်လျှပ်စစ်မီးအတွက် လာအိုနိုင်ငံမှ ဓာတ်အား ၃၀ မဂ္ဂါဝပ် ဝယ်ယူဖြန့်ဝေမည်
DVB
·
May 13, 2020
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း ပြည်သူတွေ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဖို့ အရှေ့ပိုင်းရှင်းလုံထုတ်လုပ်မှုကုမ္ပဏီက လာအိုနိုင်ငံကနေ လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ဝယ်ယူပြီး ဖြန့်ဝေလုပ်ကိုင်ဖို့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
လုပ်ငန်းအကောင်အထည်ဖော်ဆောင်နေပြီဖြစ်တဲ့အတွက် မေလ ၁၂ ရက်နေ့က ကုမ္ပဏီက တာဝန်ရှိသူနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ MOA သဘောတူညီမှု စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
အဲ့ဒီ လျှပ်စစ်ဓာတ်အားမီးသုံးစွဲသူပြည်သူတွေအနေနဲ့ မီတာတစ်ယူနစ်ကို ထိုင်းဘတ်ငွေ ၃ ဘတ်နဲ့ ပြား ၉၀ ကောက်ယူသွားမှာဖြစ်ပြီး လျှပ်စစ် မီတာခကို မီးလင်းရေးကော်မတီက တာဝန်ယူဆောင်ရွက်သွားမယ်လို့ အရှေ့ပိုင်းရှင်းလုံထုတ်လုပ်မှုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြင့်ဟန်က ပြောပါတယ်။
အခုလာအိုနိုင်ငံမှ ဝယ်ယူဖြန့်ဖြူးမယ့် လျှပ်စစ်ဓာတ်အားဟာ အရင်က သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားထက် ထိုင်းဘတ်ငွေ ၁ ဘတ်သက်သာတယ်လို့လည်း ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။
တာချီလိတ်ခရိုင်မှာ မြို့ပေါင်း ၆ မြို့၊ ကျေးရွာပေါင်း ၅၆၆ ရွာရှိပြီး နိုင်ငံတော် ဓာတ်အားပေးစနစ် မလွှမ်းခြုံနိုင်သေးတဲ့ဒေသဖြစ်ကာ ထိုင်းနိုင်ငံက ဝယ်ယူသုံးစွဲရသလို နိုင်ငံတော်ကအချိန်ပိုင်းမီးစက်နဲ့ ဓာတ်အားရယူသုံးစွဲနေရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းကို နိုင်ငံတော်ဓာတ်အားပေးစနစ် မကြာခင်မှာ ရောက်နိုင်တော့မှာ ဖြစ်ပေမယ့် ကျိုင်းတုံမြို့နဲ့ မိုင်းပျဉ်းမြို့တွေမှာသာ လျှပ်စစ်မီးရနိုင်မယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောပါတယ်။
တာချီလိတ်ခရိုင်တစ်ခုလုံးမှာ အိမ်ထောင်စုပေါင်း ၆၁၀၀၀ ကျော်ရှိပြီး လျှပ်စစ်မီးသုံးစွဲနိုင်သူ ၃၀ ရာခိုင်နှုန်း သာရှိသေးတယ်လို့ သိရပါတယ်။
သတင်း- ခွန်ရာဇာ