Live
Home
မြန်မာသတင်း
လွတ်ရက်စေ့ မြန်မာ ၂၆၀ ကို တရုတ်က ပြန်လွှဲပြောင်း၊ ဝူဟန်အကျဉ်းထောင်မှ အများဆုံးပါဝင် 
နန်းမြနဒီ
·
May 8, 2020
တရုတ်နိုင်ငံမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ အကျဉ်းကျပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၂၆၀ ကို တရုတ်အာဏာပိုင်တွေက မေ ၇ ရက်နေ့က မူဆယ်မြို့မှာ လာရောက်လွှဲပြောင်းပေးခဲ့ပါတယ်။  မြန်မာဘက်ခြမ်း မူဆယ်မြို့ နဲ့ တရုတ်ဘက်ခြမ်း ကျယ်ကောင်မြို့ကြားက နန်းတော်ဂိတ်မှာ မနေ့မနက် ၁၀ နာရီလောက်က လာရောက်လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး မူဆယ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာအားလုံးနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေက သွားရောက်လက်ခံကြိုဆိုခဲ့ကြပါတယ်။  သူတို့ ၂၆၀ လုံးဟာ အကျဉ်းသားတွေဖြစ်ခဲ့ပြီး အများစုမှာ ကိုရိုနာဗိုင်းရပ်စ်စတင် တွေ့ရှိကူးစက်ခဲ့တဲ့ ဟူဘေးပြည်နယ် ဝူဟန်မြို့နဲ့ အနီးတဝိုက်ကဖြစ်ကြောင်း၊ အမှုရာဇဝင်တွေကို မမေးမြန်းရပေမယ့် တရားဝင် စာရွက်စာတမ်းအထောက်အထားမရှိဘဲ အလုပ်လုပ်လို့ ဖမ်းဆီးခံရသူတွေလို့ အကြမ်းဖျဉ်းသိရကြောင်း သွားရောက်ကြိုဆိုတဲ့ထဲ ပါဝင်သူ မူဆယ် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်က ဒီဗွီဘီကို ပြောပါတယ်။  “တရားဝင်နေထိုင်ခွင့်မရှိတော့ အဖမ်းခံရတာ၊ ထောင်ပြောင်း ထောင်လွှဲတွေလည်း ပါတာပေါ့၊  အမှုရာဇဝင်ကိုတော့ မစစ်ဆေးရသေးပါဘူးခင်ဗျာ။ အများစုက ဝူဟန်မြို့နဲ့ အနီးတဝိုက်ကပါပဲ။ ဒီကိုလာမပို့ခင် တရုတ်ပြည်မှာလည်း Quarantine (ကျန်းမာရေး  စောင့်ကြည့်မှု) ၃ လ ဝင်ခဲ့ရတယ်တဲ့၊  နေရပ်ကတော့ ဒေသစုံပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ဒေသ ၂၀ လောက်ရှိတယ်။” သူတို့တွေကို လောလောဆယ် မူဆယ် အထက ၃ ကျောင်းနဲ့ တရုတ်ဘုံကျောင်းမှာ နေရာချထားပေးပြီး ၂ ရက်၊ ၃ ရက်အတွင်း သက်ဆိုင်ရာ နေရပ်အသီးသီးကို ပြန်ပို့ပေးဖို့ သက်ဆိုင်ရာက စီစဉ်နေတယ်လို့ ဦးသောင်းထွန်းက ဆိုပါတယ်။ တရုတ်က ကိုဗစ်-၁၉ ကာလ မြန်မာနိုင်ငံသားအကျဉ်းသားတွေကို ပြန်ပို့ပေးတာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလက စုစုပေါင်း ၉၄ ဦး ပို့ဆောင်ခဲ့ပြီး နိုင်ငံကူးလက်မှတ်မရှိတာ၊ လူကုန်ကူးခံရတာ၊ မူးယစ်ဆေးနဲ့ ပတ်သက်လို့ အဖမ်းခံရသူတွေပါတယ်လို့ မူဆယ်မြို့ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းခိမ်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။  “အရင်တသုတ်ကတော့ မူဆယ်မှာ ၂၁ ရက် Quarantine ဝင်ရတယ်။ ကျနော်တို့ သွားပြီးတာဝန်ယူ စောင့်ရှောက်ခဲ့တာ၊ ပြီးခဲ့တဲ့ ၂၉ ရက်နေ့က အကုန်ပြန်သွားကြပါပြီခင်ဗျ။ သူတို့  ၉၄ ယောက်မှာ အများစုက မိန်းကလေးတွေ၊ ၁၀ နှစ်အရွယ် ကလေး ၂ ယောက်လည်းပါတယ်၊ ယောကျ်ားက ၁၀ ယောက်လောက်ပဲ။ သူတို့အသုတ်ကတော့ အမှုစုံတယ်၊ ပတ်စပို့စာအုပ်မရှိတာ၊ တချို့က စာအုပ်သက်တမ်းကုန်တာ၊ တချို့က ဆီးစစ်ရင်း မူးယစ်ဆေးသုံးတာတွေ့လို့၊ နောက်ပြီးတော့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေလည်းပါတယ်။ နိုက်ကလပ်၊ ဘားဆိုင်တွေမှာ အလုပ်လုပ်ရင်း အဖမ်းခံရတာတွေလည်းပါတယ်။” တရုတ်နိုင်ငံဟာ မြန်မာပြည်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် တရားဝင်ဂိတ်ပေါက်တွေအပြင် တရားမဝင် တောလမ်းဝင်ပေါက်ထွက်ပေါက်တွေလည်း များစွာ ရှိတာကြောင့် မြန်မာနိုင်ငံသားတွေ သိန်းနဲ့ချီ သွားရောက်အလုပ်လုပ်ကိုင်နေကြပါတယ်။  ဒါပေမယ့် တရုတ်ပြည်မှာ ရွှေ့ပြောင်းအလုပ်သမားတွေလက်ခံဖို့ မြန်မာနဲ့ နှစ်နိုင်ငံသဘောတူ စာချုပ်ထားထာမရှိသလို အလုပ်သမားမှတ်ပုံတင်ကတ်ထုတ်ပေးတာလည်း မရှိတာကြောင့် အားလုံးနီးပါး တရားမဝင်အလုပ်သမားတွေ ဖြစ်နေရပါတယ်။  ဒီနှစ်ဆန်းပိုင်းက တရုတ်ပြည်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ပြင်းထန် အဆုတ်ယောင် ရောဂါပိုး စတင်ကူးစက်ပြန့်ပွားပြီးနောက် တရုတ်အစိုးရက နိုင်ငံကို လော့ဒေါင်းချထားခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေလည်း အလုပ်လက်မဲ့တွေဖြစ်ကြရပြီး နေရပ်ကို အမြောက်အမြား ပြန်ခဲ့ကြပါတယ်။  အဲဒီလိုပြန်လာရာမှာ တရားဝင်ဂိတ်ကနေ ဝင်ရောက်လာရင်တော့ ဂိတ်ဝင်ပေါက်ကနေ ကျန်းမာရေးစစ်ဆေးတာ၊ Quarantine စခန်းဝင်ပြီး ကျန်းမာရေးစောင့်ရှောက်ကြည့်ရှုတာ ခံကြရပါတယ်။  မြန်မာပြည်မှာ ကိုဗစ်-၁၉ ကူးစက်မှုရှိလာတဲ့နောက် တရုတ်အစိုးရက ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကစ နယ်စပ်ဂိတ်တွေ အားလံးပိတ်ထားလိုက်ပြီး ပြည်တော်ပြန်မယ့် မြန်မာနိုင်ငံသားတွေကိုပဲ ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024