လယ်သမားများအတွက် မိုးစပါးချေးငွေပြန်ဆပ်ကာလနောက်ဆုတ်ပြီး အတိုးနှုန်းထပ်လျှော့ပေး
DVB
·
May 6, 2020
တောင်သူလယ်သမားတွေအတွက် မိုးစပါးချေးငွေ ပြန်ဆပ်ရမယ့် ကာလ နောက်ထပ်ဆုတ်ပေးလိုက်တဲ့အပြင် အတိုးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းသာ ကောက်ခံ တော့မယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာက ဦးကျော်စွာလှိုင် ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မိုးစပါး ရာသီမှာ မိုးစပါးဧကပေါင်း ၂၈၀၀၀၀ ကျော်ကို ချေးငွေ ထုတ်ချေးပေးခဲ့ပါတယ်။ အဲလို ထုတ်ချေးပေးရာမှာ မြို့နယ် ၁၀ မြို့နယ်အတွက် ငွေကျပ် ၄၂ ဘီလီယံကျော်ကို ချေးငွေ ထုတ်ပေးခဲ့တာပါ။
ဒါပေမယ့် အခုအခါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် တောင်သူလယ်သမားတွေ အဆင်ပြေရအောင် ချေးငွေ ပြန်ဆပ်ရမယ့် ကာလကို မေလ ၁၅ ရက်နေ့ အထိ နောက်ဆုတ်ပေးထားတယ်လို့ မန်နေဂျာ ဦးကျော်စွာလှိုင်ကပြောပါတယ်။
ပုံမှန်ဆိုရင် တောင်သူလယ်သမားတွေဟာ မိုးစပါး ချေးငွေကို ဧပြီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ဆပ်နေရတာပါ။ လက်ရှိမှာတော့ ချေးပေးထားတဲ့ ချေးငွေ ကျပ် ၄၂ ဘီလီယံကျော်မှာ ငွေကျပ် သိန်း ၃၅၀၀ လောက် ပြန်မရသေးပါဘူး။
ဒါပေမယ့် အခုအခါ ချေးငွေ ပြန်ဆပ် တောင်သူလယ်သမားတွေကို အရင်က ကောက်ခံခဲ့တဲ့ အတိုးနှုန်း ၈ ရာခိုင်နှုန်းအစား ၅ ရာခိုင်နှုန်းသာ ကောက်ခံတော့မယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် ကပြောပါတယ်။
အခုလို မိုးစပါး ချေးငွေ ပြန်ဆပ်ရမယ့် ကာလနဲ့ အတိုးနှုန်း လျော့ပေးလိုက်တဲ့အတွက် တောင်သူလယ်သမားတွေအတွက် ပိုပြီး အဆင်ပြေလာကြမယ်လို ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာနေ လယ်သမား ဦးလွင်အေးက ပြောပါတယ်။
မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မိုးရာသီကာလမှာ ရေကြီးရေလျှံခဲ့လို့ စိုက်ပျိုးချိန် နောက်ကျခဲ့တဲ့အတွက်ကြောင့် တောင်သူလယ်သမား အများစု စပါးအထွက်လျော့ပြီး အရှုံးပေါ်ခဲ့ပါတယ်။
ဇော်လွင်ထွဋ်