ဘင်္ဂလားပင်လယ်အော်၌ မေလ ၃ ရက်နေ့ မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
April 29, 2020
ဘင်္ဂလားပင်လယ်အော်မှာ နောက် ၄၈ နာရီအတွင်း ဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မေလ ၃ ရက်နေ့လောက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ပါတယ်။
ဒီနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန်တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ နောက် ၄၈ နာရီအတွင်း မေ ၁ ရက်နေ့လောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ (နောက် ၉၆ နာရီအတွင်း) မေ ၃ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန် ထားတာပါ။
မနက်ဖြန်မနက်အထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာဖို့ရှိပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိခန့်မှန်းချက်က နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်သလို မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာလည်း မနက်ဖြန်မနက် နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၅)ပေမှ (၇)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မေ ၁ ရက်မှ ၆ ရက်အတွင်း ဖြစ်လာနိုင်တဲ့မုန်တိုင်းငယ်နဲ့ ပတ်သက်ပြီး သတိထားစရာ အခြေအနေရှိတဲ့အကြောင်းနဲ့ ဧပြီ ၃၀ မှာအစပျိုးပြီး မေလမှာဆုံးတဲ့ မုန်တိုင်း အများစုဟာ မြန်မာပြည်ကို ဝင်ရောက်လေ့ရှိတဲ့ မှတ်တမ်းတွေရှိတာကြောင့် သတိထားရမယ်လို့ မိုးလေဝသ ပညာရှင် ဦးချစ်ကျော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
ဧပြီ ၂၈ ရက်နေ့ တွက်ချက်မှုအရလည်း မြန်မာနိုင်ငံဘက်ကို မော်တင်စွန်း ထိပ်နားကပ်ဖြတ်မယ့် လမ်းကြောင်းမျိုးပြထားလို့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေ အလေးထားရမှာဖြစ်ကြောင်း အသိပေးရေးသားထားပါတယ်။
ကပ္ပလီပင်လယ်အတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြီးခဲ့တဲ့ရက်က ဆောင်ရွက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- လူကယ်ပြန်ဌာန