Live
Home
အထွေထွေ
နောခ်အဲ လေကြောင်းလိုင်း မြန်မာကို စတင်ပြေးဆွဲမည်
DVB
·
April 17, 2013
ဒီဗွီဘီ၊ ဧပြီ ၁၇၊ ၂၀၁၃ ထိုင်းနိုင်ငံတွင်းမှာ ပေးဆွဲနေတဲ့ ဈေးနှုန်းသက်သာတဲ့ နောခ်အဲလေကြောင်းလိုင်းက မြန်မာနိုင်ငံနဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ပြေးဆွဲနေတဲ့ နောခ်အဲလေကြောင်းလိုင်ဟာ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းက မဲဆောက်မြို့နဲ့ မော်လမြိုင်မြို့ကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ ထိုင်းဒေသတွင်း လေကြောင်းလိုင်းရဲ့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရပ်ခြားကို ချဲ့ထွင် ပြေးဆွဲတာလည်း ဖြစ်ပါတယ်။ စတင်ပြေးဆွဲမယ့် ရက်ကိုတော့ လေကြောင်းလိုင်းက မကြေညာသေးပေမယ့် ဇူလိုင်လမတိုင်မီ စတင်ပြေးဆွဲနိုင်မယ်လို့ ဆိုပါတယ်။ ဆွီဒင်နိုင်ငံက ထုတ်လုပ်တဲ့ ခုံ ၃၄ ခုံ ပါ Saab-၃၄၀ အမျိုးအစား လေယာဉ်တွေကို အသုံးပြုသွားမှာ ဖြစ်ပြီး ကားနဲ့ ၉ နာရီကြာ မောင်းရတဲ့ မဲဆောက်-မော်လမြိုင်ကို ၁၅ မိနစ်နဲ့ သွားရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေယာဉ်ပြေးဆွဲဖြစ်ရင်တော့ ပြည်နယ်အတွက် ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိလာနိုင်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောပါတယ်။ “မဲဆောက်ကနေ မွန်ပြည်နယ် တိုက်ရိုက်ပြေးဆွဲတယ်ဆိုတော့ ပြည်နယ်အတွက် ဂုဏ်ဆောင်တာတခုလို့ ပြောချင်တယ်။ လေယာဉ်ပြေးဆွဲနိုင်ရင်တော့ ပြည်သူလူထုအတွက်တော့ သွားလာနိုင်သူတွေအတွက် အဆင်ပြေတာပေါ့။ လေယာဉ်ဆိုတော့ စရိတ်စကတော့ ကြီးတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံပြည်သူလူထုအတွက်တော့ အကျိုးကျေးဇူး ခံစားရမှုတော့ ရှိမှာပေါ့။” လေကြောင်းဆိုင်ရာဌာနမှာ မဲဆောက်-မော်လမြိုင် ပြေးဆွဲဖို့ ခွင့်ပြုချက်ကို တောင်းခံထားသလို အောက်တိုဘာလမှာ ဘန်ကောက် ဒွန်မောင်းနဲ့ ရန်ကုန်ကို တနေ့ ၂ ကြိမ် ပြေးဆွဲတာကို အဆိုပြုဖို့လည်း လေကြောင်းလိုင်းက မျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားလေကြောင်းလိုင်း ၂၂ ခုလောက် ပြေးဆွဲနေပြီး လေကြောင်း လိုင်းသစ် ၈ ခုက ၂၀၁၂ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၃ မတ်လမှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024