Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် ကုန်ကား ၄၀၀ ခန့် ၁ ပတ်ကြာ ပိတ်မိနေ
ဝဏ္ဏခွာညို
·
April 27, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား ဟိုဘက်ဒီဘက် ရန်ကုန်-စစ်တွေ ကားလမ်းမှာ တိုက်ပွဲတွေကြောင့် ကုန်ကားတွေနဲ့ ဆီဘောင်ချာကားတွေ ကားအစီးအရေ ၄၀၀ လောက် ပိတ်မိနေတယ်လို့ ကုန်ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေကပြောဆိုပါတယ်။ ဒီလိုပိတ်မိနေတာဟာ ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက်နေ့ကတည်းက ပိတ်မိနေတာဖြစ်ပြီး ဒီနေ့ ညနေပိုင်းအထိ ရာမောင်တံတား ဟိုဘက်ဒီဘက်ကို ဇက်ကူးခွင့်မပြုသေးတာကြောင့် အားလုံး အခက်အခဲဖြစ်နေကြရတယ်လို့ ကုန်ကားမောင်းနေသူတဦးက ပြောပါတယ်။ “စစ်တွေကနေ ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကျနော်တို့ပြန်ပြီးတော့ ထွက်လာတာ၊ အခုက ရာမောင်တံတားမှာပိတ်မိနေတယ်။ ၆ ရက်လောက်ရှိပြီ၊ အဆင်မပြေတာကတော့ စားရေး သောက်ရေး အဆင်မပြေကြဘူး။ ဒီဘက် မင်းပြားဘက်က ပိတ်မိနေတဲ့ ကားအရေအတွက်ဆိုရင် ၇၀ လောက်တော့ရှိတယ်။ ရာမောင်တံတားဇက်ဆိပ်နားမှာ ကားအစီးအရေ ၇၀ လာက်ရှိတာပြောတာ။ ဟိုဘက်ကို ဇက်ကူးခွင့်မပေးဘူးဗျ။” ကုန်ကားပိုင်ရှင်တဦးက “ခရီးသည်ကားတွေ အဲ့လောက်မများဘူးခင်ဗျာ။ လောရီတို့ ဆီဘောင်ဆာတို့ များတယ်။ အခက်အခဲကတော့ဖြစ်တာပေါ။ တိုက်ပွဲမဖြစ်လည်း လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုတွေလုပ်နေတယ်။ ရာမောင်ဇက်ဆိပ်အနားကလည်း လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေတယ်။ ကြောက်နေရတာပေါ့ဗျာ။ တိုက်ပွဲမဖြစ်ရင်တော့ အားလုံးကူးခွင့် ပေးစေချင်တယ်။ တော်တော်များများဒုက္ခရောက်နေကြတယ်။” လို့ ပြောပါတယ်။ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ရာမောင်တံတားရဲ့ အနောက်ဘက်ခြမ်း ပိတ်မိနေတာ၊ ဒီဘက်က ၁၀၀ ကျော် လောက်ရှိတယ်။ အရှေ့ဘက်ခြမ်းမှာတေ့ ၃၀၀ လောက်ရှိတယ်လို့ အဲ့ဒီဘက်က လူတွေပြောတယ်။ စားဖို့သောက်ဖို့ဟာ ကျနော်တို့ အနီးအနားမှာရှိတဲ့ ကားသမားတွေကိုတော့ ချက်စားဖို့ နေရာတွေလုပ်ပေး လုပ်ပေးတာတွေရှိတယ်။ ငါးခြောက်လေးတွေ ဝေငှပေးတာ တွေရှိတယ်။” လို့ ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်တာမတွေ့ရဘဲ ရာမောင်တံတားအနီးက လက်နက်ကြီး လက်ကနက်ငယ်တွေ ပစ်ခတ်သံတွေတော့ ဆက်တိုက်ကြားနေရတယ်လို့ ကိုအမ်းသားကြီးကဒီဗွီဘီကို ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဧပြီလ ၂၀ ရက်နေ့ ကတည်းက ရာမောင်တံတား ဟိုဘက်ဒီဘက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၂၆ ရက်နေ့ ညနေအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုန်ကားတွေ ပိတ်မိနေတာကြောင့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့တွေမှာ စားကုန်အချို့ ဈေးမြင့်တက်နေပြီး စားကုန်အချို့ ပြတ်တောက်တာတွေ ရှိလာတယ်လို့ မြို့နယ်ကုန်သည်တွေ ထံကနေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024