ကာဗွန်ထုတ်လုပ်မှု ကျဆင်းနေသော်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို မရပ်နိုင်ဟု WMO ပြေ

လတ်တလော COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဒီနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာဟာ ယာယီသာဖြစ်ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ရပ်တံ့နိုင်မှာ မဟုတ်ဘူးလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO က ဧပြီ ၂၂ရက်မှာ ပြောပါတယ်။  ကမ္ဘာ့ကပ်ရောဂါအကြပ်အတည်း မတိုင်ခင်ကထက်ပိုပြီး ဓာတ်ငွေ့ ထုတ်လွှတ်မှု ပိုများ လာနိုင်သေးတယ်လို့လည်း ကုလသမဂ္ဂလက်အောက်ခံ WMO က သတိပေးပါတယ်။  ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ကျတာဟာ ၂၀၁၅ ပါရီသဘောတူညီချက် ပန်းတိုင်ကို ရောက်မယ့် လမ်းကြောင်းပေါ်တောင် ပြန်ရောက်နိုင်လောက်အောင် မလုံလောက်သေးဘူး လို့လည်း WMO အတွင်းရေးမှူးချုပ် ပတ်တာရီတာလတ်စ်က ညီလာခံမှာ ပြောပါတယ်။  သဘောတူညီချက်အရဆိုရင် တနှစ်ကို ကာဗွန်ထုတ်လွှတ်မှု ၇ ရာခိုင်နှုန်းထက်မနည်း လျော့ကျဖို့ လိုမယ်လို့လည်း သူက ပြောပါတယ်။  WMO ဟာ သူ့ရဲ့ ကမ္ဘာ့ရာသီဥတု အစီရင်ခံစာကို ဧပြီ ၂၂ရက်က ဖြန့်ချိလိုက်တာပါ။ ၂၀၁၅-၂၀၁၉ ငါးနှစ်တာကာလဟာ မှတ်တမ်းတင်ထားသမျှ အပူနွေးဆုံးကာလလို့ ရှာဖွေတွေ့ရှိချက်က အတည်ပြုထားပါတယ်။  ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာ စက်မှုခေတ်မတိုင်ခင်က ထက် ၁ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ် ပိုနေတယ်လို့လည်း ဖော်ပြထားပါတယ်။  ဒါ့အပြင် ဒီနှစ် တလချင်းရဲ့ ကမ္ဘာ့အပူချိန်ဟာ မှတ်တမ်းအရ အပူဆုံး ဒါမှမဟုတ် ဒုတိယ အပူဆုံးတွေဖြစ်နေခဲ့တယ်လို့ WMOရဲ့ ပြောခွင့်ရက ပြောပါတယ်။  ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ လေထုထဲမှာ ရာစုနှစ်တွေချီ ကျန်ရစ်နေပြီး ထုတ်လွှတ်မှု ကျဆင်းတာဟာလည်း ရာသီဥတုအပေါ် ချက်ချင်း သက်ရောက်တာ မဟုတ်လို့ ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ကျတာက ရာသီဥတုပေါ် သက်ရောက်တဲ့အထိ အချိန်အကြာကြီး ထိန်းထား နိုင်ဖို့ လိုပါတယ်၊  ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ၂၆ရာခိုင်နှုန်း မြင့်တက်အပြီးမှာ ကမ္ဘာ့ အပူချိန် ဝ ဒသမ ၈၆ ဒီဂရီဆဲလ်စီးယပ်စ် ပိုမြင့်လာခဲ့တယ်လို့ နှစ် ၅၀ ပြည့် မြေကမ္ဘာနေ့မှာ WMO က  ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up