ရာမာဒန်ကာလ ဗလီတွင် ဝတ်ပြုခွင့်မပေးရန် ပါကစ္စတန်ဆရာဝန်များ တိုက်တွန်း

မွတ်စလင်ဥပုပ်လ ရာမာဒန်ကာလအတွင်း ဗလီတွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ ခွင့်ပြုလိုက်တဲ့ အစိုးရနဲ့ ဘာသာရေး ဆရာတွေကို ဆုံးဖြတ်ချက်ပြန်ပြင်ဖို့ ပါကစ္စတန် ထိပ်တန်း ဆရာဝန်တွေက ဧပြီ ၂၂ ရက်က တိုက်တွန်းလိုက်ပါတယ်။  ပါကစ္စတန်မှာ  ဧပြီ ၁၈ ရက်ကစလို့ ဝတ်ပြုဆုတောင်းပွဲတွေကို ကြိုတင်ကန့်သတ်ချက် တချို့နဲ့ လုပ်ကြဖို့ ပြန်လည်ခွင့်ပြုခဲ့တာပါ။  ရာမာဒန်ကာလ ဆုတောင်းပွဲတွေဟာ ပိုများလာလေ့ရှိပြီး  ဧပြီ ၂၄ မှာ စတင်မယ်လို့ မျှော်လင့်ထားကြပါတယ်။  ဒါပေမဲ့ ဆုတောင်းပွဲတွေကနေ ဗိုင်းရပ်စ်မပြန့်ပွားစေဖို့ အစိုးရနဲ့ ဘာသာရေး ခေါင်းဆောင်တွေကြား  သဘောတူထားတဲ့ အချက် ၂၀ ဟာ လက်တွေ့မကျဘူးလို့ ပါကစ္စတန်  ဆရာဝန်တွေက ပြောပါတယ်။  “ ကျနော်တို့ရဲ့ အုပ်ချုပ်သူတွေက ဆုံးဖြတ်ချက် မှားတယ်၊ ဘာသာရေး ဆရာတွေမှာလည်း အလေးအနက်ထားတဲ့ သဘောထားမရှိဘူး” လို့ ပါကစ္စတန် ဆေးဘက်ဆိုင်ရာအသင်းရဲ့ အတွင်းရေးမှူးချုပ်က ဝေဖန်ပါတယ်။  ပါကစ္စတန် ဝန်ကြီးချုပ်အင်မရမ်ခန်းဟာလည်း ပြီးခဲ့တဲ့အပတ်က ဗိုင်းရပ်စ် ကူးစက်ခံ လူမှုရေးလုပ်သားတဦးနဲ့ တွေ့ဆုံမိပြီးနောက်  ဗုဒ္ဓဟူးနေ့မှာ COVID-19 ရှိမရှိ ဆေးစစ်ခံနေရ ပါတယ်။  ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ လက်ရှိမှာ ၁၀၀၀၀ ကျော်နေပြီး သေဆုံးသူက ၂၁၂ ဦးဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up