Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကို ဖိတ်ကြားမေးမြန်း
အေးနိုင်
·
April 9, 2013
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ  မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း ၄ ခုက တာဝန်ရှိသူတွေကို မနေ့တုန်းက ဖိတ်ကြားပြီး လတ်တလော အဖြစ်အပျက်တွေအပေါ် မေးမြန်းခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက  “လတ်တလောဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေ အမြန်ဆုံးချုပ်ငြိမ်းဖို့ အဓိကပါပဲ။ ရေရှည်မှာ ဒါမျိုးတွေ မဖြစ်ပေါ်ဖို့အတွက်ကို ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ အမြင်ရှုထောင့်တွေကို သူသိလိုတဲ့အတွက် မေးမြန်းပါတယ်။ အဲဒါတွေကို ကျနော်တို့ တင်ပြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောတာ ကောင်းပါတယ်။ ကျနော်တို့ကို မြန်မာနိုင်ငံသားတွေဖြစ်တယ်၊ စိတ်ပျက်အားငယ်စရာမလိုဘူး။ မိမိလိုချင်တဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက် ပန်းတိုင်ကို ရဲရဲကိုင်ပြီးတော့ ဆောင်ရွက်သွားမယ်ပေါ့။ တရားဥပဒေစိုးမိုးရေးကိုလည်း သူက ပါတီဥက္ကဋ္ဌတယောက်အနေနဲ့ရော၊ တရားဥပဒေစိုးမိုးရေ ဥက္ကဋ္ဌတယောက်အနေနဲ့ သူကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။” အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲအပြီးမှာ သူတို့တတွေဟာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ “တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့ကိစ္စ၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူတဲ့ကိစ္စတွေ သူဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နောက် ကျနော်တို့ကိုယ်တိုင် အဲဒီဒေသတွေကို ကွင်းဆင်းဆောင်ရွက်နိုင်ဖို့ တင်ပြထားတာကိုလည်း သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။” လတ်တလော ဖြစ်ပွားခဲ့တဲ့ အခြေအနေဆိုးဟာ လှုံ့ဆော်မှုရှိပြီး တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ ဆူပူမှုဖြစ်လာတဲ့အချိန်မှာလည်း ကိုင်တွယ်တဲ့နေရာမှာ လိုအပ်ချက် ရှိနေတယ်ဆိုတာကို သက်ဆိုင်ရာအသီးသီးကို တင်ပြထားပါတယ်လို့ ဆိုပါတယ်။ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့တွေပိုင်းက ဆောင်ရွက်သလို နိုင်ငံတော်အပိုင်းကလည်း ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူရင် နောက်ထပ်ပြစ်မှုတွေ ဖြစ်လာစရာမရှိဘူးဆိုတာကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024