ရွှေဘိုအကျဉ်းထောင်တွင် ပိုးသတ်ဆေးဖျန်း
Aung Ko Latt
·
April 17, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနကနေ ရွှေဘိုအကျဉ်းထောင်တခုလုံးကို ပိုးသတ်ဆေးဖျန်းတာနဲ့ ခရိုင်အတွင်းက သောက်သုံးရေ ရှားပါးနေတဲ့ ဘုန်းကြီးကျောင်း ၈ ကျောင်းနဲ့ Quarantine Center ၈ ခုတို့ကို ရေလှူဒါန်းတာတွေ ဧပြီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်က "Covid - 19 ကာကွယ်ရေးအတွက် ရွှေဘိုအကျဉ်းထောင် အိပ်ဆောင်၊ စားဖိုဆောင်၊ ဝင်ပေါက်တွေကို ဆေးဖျန်းတယ်။ ပြီးတော့ ရေရှားတဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်း ရေလှူတယ်ပေါ့။ ဒီနေ့ဆို ခရိုင်တွင်းက မြို့နယ် ၆ မြို့နယ်က နေရာ ၁၆ နေရာကို ရေလှူတာပါ။ ဒါတွေကို ဌာနကလည်း ညွှန်ကြားထားတယ်။ ညွှန်ကြားချက်တွေအတိုင်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းဆောင်ရွက်တာ" လို့ ပြောပါတယ်။
ဒါ့အပြင် တခြားသော ဘာသာရေးအဆောက်အဦးတွေ၊ ရပ်ကွက်၊ နေအိမ်နှင့် အများပြည်သူ ဝင်ထွက်သွားလာတဲ့ နေရာတွေမှာလည်း ပိုးသတ်ဆေးဖျန်းတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
တိုင်းမီးသတ်ဦးစီးဌာနရဲ့ညွှန်ကြားချက်နဲ့ ရွှေဘိုတင်မက တခြားခရိုင်တွေ၊ မြို့နယ်တွေမှာလည်း ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်နေသလို မြို့တွင်း ဆေးဖျန်းတာတွေလည်း ဆောင်ရွက်နေကြပါတယ်။