Home
မြန်မာသတင်း
Quarantine လုပ်သူများကို ရက်မပြည့်ဘဲ ပြန်မလွှတ်ဟု မွန်ဝန်ကြီးချုပ် ပြန်ရှင်း
DVB
·
April 13, 2020
နိုင်ငံရပ်ခြားက ပြန်လာတဲ့သူတွေကို Facility Quarantine ထားပြီး စောင့်ကြည့်ရာမှာ ရက်မပြည့်ဘဲ ပြန်လွှတ်တာ မရှိဘူးလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည် ဖြေရှင်းလိုက်ပါတယ်။  မွန်ပြည်နယ်တဝန်းမှာ Facility Quarantine Camp ပေါင်း ၄၆၄ ခု ဖွင့်လှစ်ပြီး နိုင်ငံရပ်ခြားက ပြန်လာသူတွေကို စောင့်ကြည့်နေတာပါ။ ဒီလို စောင့်ကြည့်ရာမှာ Quarantine လုပ်သူတွေကို သတ်မှတ်ရက် ၁၄ ရက် မပြည့်ဘဲ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်နေတာပါ။ ဒါကြောင့် နိုင်ငံရပ်ခြားက ပြန်လာတဲ့ သူတွေကို အစိုးရအနေနဲ့  သတ်မှတ်ရက်မပြည့်ဘဲ ပြန်လွှတ်တာ မရှိဘူးလို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ “၂၈ ရက်နေ့ ၃ လပိုင်းကနေ ၁၀ ရက် ၄ လပိုင်းဆိုတော့ ၁၄ ရက် ပြည့်လို့ ကျနော်တို့ ပြန်လွှတ်တယ်။ ဒါကို ကောက်ပြီးပြောတာဆိုတော့ မေးလည်း မမေးဘဲ ဖေ့စ်ဘွတ်မှာ လိုက်ဗျူးနေကျ လူတွေက လုပ်တာပေါ့။ ဆရာတွေက များတာကိုး။” လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရပ်ခြား ပြန်လာသူ ၇၈၀၀ ကျော်ကို သတ်မှတ်ရက် ပြည့်မြောက်သွားတဲ့အတွက်ကြောင့် နေအိမ်ပြန်ခွင့် ပေးအပ်ထားပါတယ်။ ဒါပေမဲ့ အခုအခါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် Facility Quarantine Camp တွေမှာ ကျန်ရှိတဲ့သူတွေကို ၂၁ ရက်တိုးပြီး စောင့်ကြည့်သွားဖို့ ရပ်ကွက်ကျေးရွာအဆင့်ထိ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ “Quarantine အနေနဲ့  ၂၁ ရက် ဖြစ်သွားတဲ့အတွက် ၂၁ ရက်ပြည့်အောင် ထားကြဖို့ ပြောပါတယ်။ ၂၁ ရက်မပြည့်ဘဲနဲ့ မလွှတ်ဖို့ ကျနော်တို့ ပြောထားတယ်။ တချို့နေရာတွေမှာကျတော့ အဆင်မပြေတာတွေ ရှိတယ်။ ခေါင်တဲ့၊ ဝေးတဲ့နေရာတွေမှာဆို တယောက်ပဲ Quarantine ကျန်တာရှိတယ်။ တယောက်တည်း သူ့ကို ထားတယ်ဆိုရင် အပြင်မှာ ရှိနေတဲ့လူက ၅ ယောက်၊ အထဲမှာရှိနေတဲ့သူက တယောက်ဆိုတော့ နီးတဲ့နေရာ စုပေးလိုက်တာ။”  မွန်ပြည်နယ်မှာတော့ နိုင်ငံရပ်ခြားက ပြန်လာတဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီး နေရပ်တွေနဲ့ ပြည်နယ်အတွင်းရှိ နေရပ်လူပေါင်း ၉၀၀၀ ကျော်ကို မော်လမြိုင် တက္ကသိုလ်ဝင်အတွင်းရှိ Facility Quarantine Camp တွေအပြင် ရပ်ကွက်ကျေးရွာတွေရဲ့ စောင့်ကြည့် Camp တွေမှာ ဆက်လက် စောင့်ကြည့်နေတာပါ။  ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024