Home
မြန်မာသတင်း
COVID-19 အရေးအတွက် အလှူရှင်များ အစိုးရထံ တိုက်ရိုက်လှူဒါန်းကြရန် အတိုင်ပင်ခံပြော
DVB
·
April 10, 2020
COVID-19 အရေးမှာ ပါဝင်လှူဒါန်းနေတဲ့ အလှူရှင်တွေအနေနဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် အစိုးရထံ တိုက်ရိုက်လှူဒါန်းကြဖို့ နိုင်ငံတော်ရဲ့ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  အဲဒီရောဂါနဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်က ပြည်သူတွေကို ဒီနေ့မနက်က Video Conferencing စနစ်နဲ့ ချိတ်ဆက်ဆွေးနွေးရာမှာ ခုလို ပြောဆိုခဲ့တာပါ။ အလှူရှင်တွေရဲ့ စေတနာဟာ အကျိုးရှိသင့်သလောက်မရှိဘဲ ဖြစ်သွားမှာကို မဖြစ်စေချင်တာကြောင့် ပြောရတာဖြစ်ကြောင်း၊ အလှူရှင်တွေရဲ့ စေတနာကို ပိတ်ပင်လိုလို့ မဟုတ်ကြောင်း အတိုင်ပင်ခံက ပြောပါတယ်။ လှူဒါန်းတာတွေကို အစိုးရအဖွဲ့အနေနနဲ့ သေချာစီမံခွဲပြီး လိုအပ်တဲ့နေရာတွေကို ရောက်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ရက်သတ္တနှစ်ပတ်၊ သုံးပတ်အတွင်းတွင် ရောဂါပိုးရှိသူများ ထပ်မံတွေ့ရှိ လာနိုင်ပြီး  ရောဂါပိုးရှိသူတွေ တွေ့ရှိမှု များလာပါက အလွန်အကျွန် မစိုးရိမ်ကြဖို့နဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ အတိုင်ပင်ခံက ပြောပါတယ်။ အတိုင်ပင်ခံဟာ ကျိုင်းတုံမြို့ ဟိုနားအောက်ရပ် အမှတ် ၁ ရပ်ကွက် ရာအိမ်မှူး ဦးအောင်မြင့်သန်း၊ တောင်ကြီး မြို့ သစ်တောရပ်ကွက် ဇောတိကလမ်းနေ Our Lovely World အဖွဲ့နှင့် Program Teamတို့မှာ ပါဝင် ဆောင်ရွက်နေတဲ့ မနှင်းနွေအေး၊ပင်လုံမြို့ ရပ်ကွက် ၄ က ဦးစိုင်းစီဟန်ခေးတို့ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေသူတွေနဲ့ Video Conferencing စနစ်နဲ့တွေဆုံမှုကို ဧပြီလ ၁ ရက်စတင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၇ ဦးထဲက ၃ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁သန်းခွဲကျော်နဲ့ သေဆုံးသူ ၉ သောင်းခွဲကျော် ရှိနေပါပြီ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024