Home
မြန်မာသတင်း
ဖားကန့်တွင် တနိုင်တပိုင်ကျောက်တူးသူများကို နှိမ်နင်းမှု ပိုကြမ်း
နန်းမြနဒီ
·
April 4, 2013
ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုထဲမှာ တနိုင်တပိုင် ကျောက်တူးတဲ့သူတွေကို နှိမ်နင်းနေပြီး  ဒီတပတ်အတွင်း ပိုကြမ်းလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက တပ်ပြောင်းလာတဲ့ ခလရ ၁၀၁  အစိုးရတပ်က သေနတ်နဲ့ ပစ်ဖောက် ခြောက်လှန့်တာတွေ လုပ်နေတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလဆိုင်းက ပြောပါတယ်။ “တာဝန်ကျ စစ်တပ်တွေက ဥပဒေအရ ကြည့်မယ်ဆိုရင် မျှတတဲ့ ဆောင်ရွက်မှုတွေ လုပ်နေတာ တွေ့ရတယ်။ အခြေခံလူတန်းစားတွေ တနိုင်တပိုင် ကျောက်စိမ်းတူးဖော် စားသောက်နေတာတွေကို သေနတ်တွေ ဖောက်ပြီး မောင်းထုတ်တာမျိုးတွေ၊ နောက် သူတို့ အသုံးအဆောင်ပစ္စည်းတွေ မီးရှို့တာမျိုးတွေ၊ ကျောက်တူးတဲ့သူတွေကို ဖမ်းမိပြီဆိုရင် စကားပြောတတ်တဲ့သူတွေကို ရိုက်နှက်တာတွေ၊ ထုထောင်းတာတွေ၊ ထိုင်ထ မတန်တဆ လုပ်ခိုင်းတာမျိုးတွေ တွေ့ရတယ်။ လမ်းဘေးဝဲယာမှ ကျောက်စိမ်းတူးဖော်တဲ့သူတွေကို နေကြာစိတို့၊ ပဲလှော်တို့၊ အကြော်တို့ ရောင်းတဲ့သူတွေရဲ့ တဲတွေကိုပါ မီးရှို့တယ်။” ဧပြီ ၂ ရက်နေ့က ဖားကန့် - လုံခင်းသွား လမ်းဘေးမှာ လစ်ပို အချိုရည်၊ ဆေးလိပ်နဲ့ မုန်ပဲသရေစာရောင်းတဲ့ ၀ါးတဲငယ်တွေ စုစုပေါင်း ၇ ခု မီးရှို့ခံခဲ့ရပြီး ဈေးမရောင်းရကြောင်း သတိပေး တားမြစ်တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့  ကျောက်စိမ်းတူးဖော်မှု တွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလကစပြီး ကုမ္ပဏီနဲ့တကွ တနိုင်တပိုင် တူးဖော်သူတွေကိုပါ  ကျောက်စိမ်းတူးဖော်ခွင့်  ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  ဖားကန့် လုံးခင်းဒေသမှာ ဒီအလုပ်ကိုပဲ မိရိုးဖလာ လုပ်ကိုင်စားသောက်လာတာကတကြောင်း၊ သူတို့ဒေသမှာ တခြားအလုပ်အကိုင်တွေ ရှားပါးတာနဲ့ ဖမ်းဆီးပိတ်ပင်မှုတွေကြားက စွန့်စားတူးဖော်နေရတာလို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။ အစိုးရတပ်က ဒေသခံတွေအပေါ် ဥပဒေမဲ့လို ပြုမူဆက်ဆံနေတဲ့ကိစ္စနဲ့ ဒေသခံတို့ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေကို  ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  သက်ဆိုင်ရာအဆင့်ဆင့်ကို စာရေးတင်ပြဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အောက်ခြေတပ်သားတွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေ စစ်ဆေးထိန်းချုပ်ပေးဖို့ သက်ဆိုင်ရာ စစ်ဘက် ဆိုင်ရာလုံခြုံရေးအဖွဲ့ဆီကိုလည်း ဧပြီ ၃ ရက်နေ့က အကြောင်းကြားခဲ့တယ်လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024