တရုတ်ဆေးပညာရှင်အဖွဲ့ ဆေးပစ္စည်းများနှင့်အတူ ရန်ကုန်ရောက်ရှိ
DVB
·
April 9, 2020
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ကူညီပေးဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ၁၂ ဦးပါ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ မနေ့မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပါတယ်။
အဆိုပါဆေးပညာရှင်အဖွဲ့နဲ့အတူ တစ်ရက်ကို လူနာ၂၀၀ ဓာတ်ခွဲစစ်ဆေး နိုင်မယ့် ဓာတ်ခွဲခန်းတစ်ခုကိုလည်း ရန်ကုန်ရှိ အမျိုးသားကျန်းရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှာ ထားရှိ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
တရုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆို တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို တရုတ်ယွမ်ငွေ ၄,၃၃၇,၃၃၄.၂၅ တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေ၊ ဓာတ်ခွဲကိရိယာတွေ စက်ပစ္စည်းတွေ လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။
တရုတ်ဆေးပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၁၅ ရက်တာနေထိုင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းပံ့ပိုးကူညီမယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။
Photo - Ko Ye / MPA