Homeမြန်မာသတင်း
သင်္ကြန်ကာလ ရန်ကုန်ရှိ ဘုန်းကြီးကျောင်းများကို ဆွမ်းကွမ်းဝေယျာဝစ္စ တိုင်းအစိုးရ ထောက်ပံ့မည်
သင်္ကြန်ကာလ ရန်ကုန်ရှိ ဘုန်းကြီးကျောင်းများကို ဆွမ်းကွမ်းဝေယျာဝစ္စ တိုင်းအစိုးရ ထောက်ပံ့မည်
သူဇာလင်း
·
April 5, 2020
COVID-19 ကို ကြိုတင်ကာကွယ်ဖို့နဲ့ သံဃာတော်တွေ အစုအဝေး မဖြစ်စေဖို့ မဟာသင်္ကြန် ရုံးပိတ်ရက်တွေမှာ ရန်ကုန်တိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ဆွမ်းကွမ်း ဝေယျာဝစ္စ ၆ မျိုး လှူဒါန်းထောက်ပံ့သွားဖို့ တိုင်းအစိုးရက စီစဉ်နေပါတယ်။
ဒါနဲ့ပတ်သက်လို့ တိုင်းအစိုးရနဲ့ သံဃနာယကအဖွဲ့က ဆရာတော်တွေ ပူးပေါင်းစီစဉ်နေတာ ဖြစ်ပြီး သက်ဆိုင်ရာဘုန်းကြီးကျောင်းတွေအလိုက် သီတင်းသုံးနေတဲ့ သံဃာတော်နဲ့ သီလရှင် အရေအတွက်ကို စာရင်းကောက်ယူနေတယ်လို့ ပြောပါတယ်။
စာရင်းအတိအကျ ကောက်ယူပြီးပါက မဟာသင်္ကြန်ကာလမတိုင်ခင် ဆန်၊ ဆီ၊ ဆား စတဲ့ ပစ္စည်းလှူဒါန်းထောက်ပံ့သွားမှာဖြစ်ပြီး သံဃာတော်တွေအနေနဲ့ ဆွမ်းခံထွက်စရာ မလိုတော့ဘူးလို့ တိုင်းအစိုးရဖွဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးလှသိန်းက ပြောပါတယ်။
တာမွေမြို့နယ်မှာတော့ ဘုန်းကြီးကျောင်းပေါင်း ၇၃ ကျောင်းရှိပြီး သံဃာတော် ၁၆၃၆ ပါးနဲ့ သီလရှင် ၄ ပါး တို့ သီတင်းသုံးနေထိုင်နေပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်ကိုတော့ အတိအကျ ညွှန်ကြားချက် ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှတော့ ဘုန်းကြီးကျောင်းပေါင်း ၁၈၅ ကျောင်းရှိပြီး သံဃာတော်ပေါင်း ၃၅၃၅ ပါးရှိပြီး သီလရှင် ၈၅၄ ပါးရှိတယ်လို့ ဆိုပါတယ်။