Homeမြန်မာသတင်း
ကော့သောင်းဆေးရုံ၌ သေဆုံးခဲ့သည့် အမျိုးသားနှင့် စောင့်ကြည့်လူနာဇနီးတွင် ရောဂါပိုးမတွေ့
ကော့သောင်းဆေးရုံ၌ သေဆုံးခဲ့သည့် အမျိုးသားနှင့် စောင့်ကြည့်လူနာဇနီးတွင် ရောဂါပိုးမတွေ့
DVB
·
April 5, 2020
ကော့သောင်းမြို့ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၃ ရက်နေ့က သေဆုံးသွားတဲ့ အမျိုးသားနဲ့ သီးသန့်ဆောင်မှာ စောင့်ကြည့်ခံနေရတဲ့ ဇနီးဖြစ်သူတို့မှာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာခင်ဇော်က ပြောပါတယ်။
“လူနာအဖြေကတော့ ရောဂါပိုးမတွေ့ရှိပါဘူးလို့ ရောက်ရှိလာပါပြီ။ သူ့ကို ဆေးရုံ ရောက်ကတည်းကလည်း ကျနော်တို့ သံသယပေါ့။ သူ့အမျိုးသမီးကလည်း ဘန်ကောက်က ပြန်လာပြီး ဖျားနေတယ်။ Home Quarantine အလုပ်ခံထားရတယ်။ သူကလည်း ဒီလိုလက္ခဏာတွေနဲ့ ရောက်လာတယ်ဆိုတော့ ကျနော်တို့က သူတို့နှစ်ဦးလုံးကို COVID-19 ရောဂါရှိ၊ မရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ပြီးစစ်စေတာပါ။ အခုတော့ နှစ်ဦးလုံး negative ထွက်ပါတယ်။”
အဆိုပါ ဇနီးမောင်နှံ ၂ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းက ကော့သောင်းပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာကြတာဖြစ်ပြီး အမျိုးသားကတော့ ဆေးကုသမှု ခံယူနေချိန်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
အမျိုးသမီးဖြစ်သူကတော့ ထိုင်းက ပြန်လာတာကြောင့် Home Quarantine လုပ်ခံထားရသူဖြစ်ပြီး ဧပြီ ၃ ရက်နေ့ကမှ ဆေးရုံသီးသန့်ဆောင်မှာ ထားရှိပြီး ကုသပေးနေတာလည်း ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ အသည်းရောဂါအခံရှိပြီး အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်ကာ ရန်ကုန် အထူးကုဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ လူနာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာစာရင်းထဲ မပါရှိဘူးလို့ သိရပါတယ်။
တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ COVID-19 ရောဂါ စောင့်ကြည့်ခံရသူ ၁၁၅ ဦးတယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး