COVID-19 လူနာ ၁၇ ဦး ကျန်းမာရေးအခြေအနေ တည်ငြိမ်၊ စောင့်ကြည့်လူနာသစ် ၄၆ ဦးရှိ
DVB
·
April 4, 2020
COVID-19 အတည်ပြုလူနာ ၁၇ ဦးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ဧပြီ ၂ ရက်ကနေ မတ် ၃ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၄၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စောင့်ကြည့်လူနာနဲ့ ဆေးရုံ (သို့မဟုတ်) အိမ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ ၅၅ ဦးကို ဓာတ်ခွဲနစစ်ဆေးချက်အရ COVID-19 ရောဂါပိုး မရှိဘူးလို့ ဆိုပါတယ်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉ ဦးအနက် တီးတိန်ပြည်သူ့ ဆေးရုံက လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ ၉ ဦး နဲ့ ကန်တော်နဒီဆေးရုံ လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁ ဦး၊ လားရှိုးမြို့မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ ၁ ဦး၊ ပဲခူး ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ဆေးရုံနဲ့ ပေါက်ခေါင်းမြို့ဆေးရုံတို့မှာ ပြောင်းရွှေ့လူနာ ၄ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။
ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၂ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၃ ရက်ညနေအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အယောက် ၂၀ ဦး တွေ့ရှိလာပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။