နေပြည်တော်တွင် ကိုဗစ်စောင့်ကြည့်လူနာ ၁၅၀၀၀ အတွက် တပ်မတော်ပြင်ဆင်ထား
နေဖြိုးဝင်း
·
April 2, 2020
COVID-19 စောင့်ကြည့်လူနာ ၁၅၀၀၀ အတွက် တပ်မတော်က နေပြည်တော်ရှိ အမှတ်(၃) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြင်ဆင်ထားတယ်လို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် အမှတ်(၁)စစ်ဗျုဟာမှူးလည်းဖြစ် စောင့်ကြည့်ရေးစခန်း တာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်မြတ်စိုးက ပြောပါတယ်။
“လူနာလက်ခံဖို့ကတော့ နေပြည်တော်ကောင်စီနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီကနေ ဒါတွေ သူတို့ဆီက ပြည့်သွားပြီ မနိုင်တော့ဘူးဆို ကျနော်တို့ လက်ခံသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ စာရင်းပေးလာတာ မရှိသေးပါဘူး။ ကျနော်တို့ အကြမ်းဖျင်းချိတ်ဆက်ထားတာတော့ ဟိုဘက်မှာလည်း နေရာလေးတွေ ရှိသေးတဲ့အတွက်ကိုတော့ အဲကနေ မဆံ့တော့မှ ဒီဘက်ကို ဆက်သွယ်ဆောင်ရွက်မယ်ဆိုပြီး အကြမ်းဖျင်းပြောထားတာရှိပါတယ်။”
ဒီလိုလက်ခံတဲ့နေရာမှာ ၁၅၀၀၀ ဦးလို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ဦးရေကျော်သွားလို့ လက်မခံတာမျိုး၊ လက်ခံမယ့် အချိန်ကန့်သတ်တာမျိုး၊ တခြားတိုင်းဒေသကြီးက လာမယ့်သူတွေ ကန့်သတ်တာမျိုးတွေလည်း မလုပ်ထားဘူးလို့ ဆိုပါတယ်။
“ကန့်သတ်ထားတာမရှိပါဘူးဗျ၊ ကာလလည်း ကန့်သတ်ထားတာမရှိပါဘူး။ ဒီအင်အားတောင် ၁၅၀၀၀ နဲ့တောင် လျာထားတာဖြစ်တဲ့အတွက် အချိန်ကာလဆိုလည်း တောက်လျှောက် စီစဉ်ပေးလို့ရပါတယ်။ ကန့်သတ်ချက်မရှိပါဘူး။ အကူအညီတောင်းရင်တော့ တတိုင်းပြည်လုံး အကုန်လက်ခံပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် နေပြည်တော်ကောင်စီအနေနဲ့ မဟုတ်ဘဲနဲ့လည်း ကျနော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာရင်လည်း ဒီမှာလက်ခံပေးလို့ရပါတယ်ဗျ။ ကန့်သတ်ထားတာမရှိပါဘူး။ အများအတွက်လုပ်တာဆိုတော့ အကုန်လုံး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။”
စောင့်ကြည့်လူနာတွေကို တနေ့ သုံးကြိမ် ကျွေးမွေးသွားမှာဖြစ်ပြီး တခါသုံးပစ္စည်းတွေကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အသုံးပြုပြီး ပစ္စည်းတွေကိုလည်း စွန့်ပစ်ဖို့အတွက် စွန့်ပစ်မယ့်နေရာတွေကို စနစ်တကျစီစဉ်ထားတယ်လို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာလည်း ဒီနေ့နက်ပိုင်းအထိ စောင့်ကြည့်လူနာ စုစုပေါင်း ၁၂၃ ဦးကို လက်ခံထားပြီးဖြစ်ပါတယ်။