ဘောလုံးပွဲများ ပြန်စပါက ကျန်းမာရေးဝန်ထမ်းများကို ရိုးမားအသင်း ဂုဏ်ပြုမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပြန်တည်ငြိမ်ပြီး ဘောလုံးပွဲတွေ ပြန်လည်စတင်ရင် ပထမဆုံးကန်မယ့်ပွဲရဲ့ လက်မှတ် ၅၀၀၀ ကို ဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့တန်းစစ်မျက်နှာမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလကားပေးသွားဖို့ ရိုမားအသင်းက စီစဉ်ထားပါတယ်။  ဘောလုံးပွဲစဉ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ရပ်နားခဲ့ရပြီး ဒီရောဂါကြောင့်  လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၆၀,၀၀၀ ကျော်နဲ့ ၃၀၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။  အီတလီမှာ စီးရီးအေပွဲစဉ်တွေကို မေလ ၃ ရက်အထိ ရပ်ဆိုင်းထားပါတယ်။ လက်ရှိ အခြေအနေတွေအရ မေလ  ၃ ရက်မှာတောင် ပြန်လည်စတင်နိုင်ဖို့ မသေချာသေးပါဘူး။  အသင်းဟာ နောက်ထပ်ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အီတလီနဲ့ တကမ္ဘာလုံးမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ ရိုးမားအသင်းရဲ့ လူမှုကွန်ရက်ကမ်ပိန်း ‘HEROS’ ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။  ကျန်းမာရေးဝန်ထမ်းတွေအတွက် လက်မှတ် ၅၀၀၀ အခမဲ့စီစဉ်ပေးတာဟာ ပဋိပက္ခအခြေအနေအတွင်း သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုအပေါ် ပရိသတ်တွေ ဂုဏ်ပြုချီးမြှင့်နိုင်ဖို့ စီစဉ်တာလို့ ရိုးမားအသင်းက ပြောဆိုထားပါတယ်။  ဒါ့အပြင် ရိုးမားအသင်းဟာ နောက်ရာသီအတွက် လက်မှတ်ခတွေ လျှော့ချပေးတာ၊ လက်မှတ်တစောင် ရောင်းချရတိုင်း အတိုင်းအတာတခုအထိ ရန်ပုံငွေထည့်ဝင်တာတို့နဲ့အတူ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုပေးသွားဖို့လည်း ရှိနေပါတယ်။  အီတလီအပါအဝင် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ချီးကျူးဂုဏ်ပြုဖို့အတွက် စကားလုံးမရှိပါဘူးလို့ ရိုးမားအသင်းဥက္ကဋ္ဌ ဂျိမ်းစ်ပယ်လော့တာက ပြောပါတယ်။  ကလပ်အသင်းရဲ့ COVID–19 ရန်ပုံငွေအတွက် ပါလာတော့ဟာ ယူရို ၇၅,၀၀၀ လှူဒါန်းခဲ့ပြီး  ဒီရန်ပုံငွေဟာ အခုချိန်မှာ ယူရို ၅၃၀,၀၀၀ ကျော်အထိရှိနေပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up