Home
မြန်မာသတင်း
မြန်မာနိုင်ငံ လာမည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ဗီဇာ ယာယီပိတ်
DVB
·
March 29, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကို ဒီနေ့ကစပြီး ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်လိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်းကနေ စပိတ်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေက လေယာဉ်မှူး/သင်္ဘောအရာရှိတွေ၊ တာဝန်ရှိ အမှုထမ်းတွေကလွဲလို့ လူမှုရေးဗီဇာ အပါအဝင် ဘယ်လို ပြည်ဝင်ဗီဇာ ထုတ်ပေးတာကိုမဆို ယာယီရပ်ဆိုင်းတယ်လို့ ဆိုပါတယ်။ အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံအားလုံက သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကလွဲပြီး တခြားသူအားလုံးကို ဗီဇာကင်းလွတ်ခွင့် ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်‌တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် နေ့ရက်မတိုင်မီနဲ့ လေယာဉ်တွေပေါ် မတက်ခင် အသိအမှတ်ပြုဓာတ်ခွဲခန်းက လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်ခင်က ရထားတဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြသဖို့ လိုအပ်ပါတယ်။ သူတို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့ကတဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံကို စရောက်ချိန်ကစလို့ အိမ်တွေမှာ ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်တာ (Home Quarantine) လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေက တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်ပနိုင်ငံတွေမှာရှိတဲ့ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့က တဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မှာ ဖြစ်သလို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေနဲ့အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ပြီးတော့ ပြည်ပနိုင်ငံအသီးသီးက ခရီးသွားတွေအနေနဲ့ မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်ဖြစ်၊ အရေးပေါ်တာဝန်နဲ့ဖြစ်ဖြစ် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ် ဆိုရင်လည်း ပြည်ဝင်ဗီဇာ ကန့်သတ်တာတွေကနေ ကင်းလွတ်ခွင့်ရဖို့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၈ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024