စင်ကာပူတွင် ညွှန်ကြားချက် မလိုက်နာသူများကို ငွေဒဏ်နှင့်ထောင်ဒဏ် အပြစ်ပေးမည်

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် လူချင်း ခပ်ခွာခွာ ရှောင်ကြဉ်နေထိုင်ဖို့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ မည်သူမဆိုကို ဒီနေ့ကစပြီး ထောင်ဒဏ်အထိ အပြစ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ စင်ကာပူဟာ ကျွန်းနိုင်ငံငယ်တခုဖြစ်ပြီး ကမ္ဘာ့လူဦးရေ သိပ်သည်းမှုအများဆုံး နိုင်ငံတွေထဲက တခုဖြစ်တာနဲ့အညီ ခုအပတ်အစပိုင်းမှာပဲ ဘားတွေ ပိတ်ခိုင်းတာ၊ ပွဲလမ်းသဘင်တွေနဲ့ အလုပ် ကျောင်းကလွဲရင် လူ ၁၀ ဦးအထက်စုဝေးခွင့် ပိတ်တာတွေကိုပါ လုပ်ဆောင်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အခု အသစ်တိုးမြှင့်ပြဌာန်းလိုက်တဲ့ ရောဂါကာကွယ်ရေး ဥပဒေသစ်တွေအရ အများပြည်သူဆိုင်ရာ နေရာတွေမှာ တဦးကနေ တဦး တမီတာ အကွာအတွင်း ရည်ရွယ်ချက်ရှိရှိ ထိုင်နေတာ၊ သို့မဟုတ် နေရာဦးဖို့ မဟုတ်ဘဲ တနေရာမှာ အထိုင်ချနေတာ၊ သို့မဟုတ် လူတန်းစီရင် တဦးနဲ့ တဦး တမီတာ မကွာဘဲ ရှိနေရင် အပြစ်ကျူးလွန်တယ်လို့ သတ်မှတ်တော့မှာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ ဥပဒေအရ ငွေဒဏ် စင်ကာပူဒေါ်လာ ၁ သောင်း (အမေရိကန်ဒေါ်လာ ၆,၉၉၀) နဲ့ ထောင်ဒဏ်  ခြောက်လ သို့မဟုတ် နှစ်ရပ်ပေါင်း ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ သိရပါတယ်။ ဒီဥပဒေစည်းမျဉ်းတွေကို လာမယ့်ဧပြီ ၃၀ အထိ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ် ငန်းတွေမှာ လိုက်နာရမှာဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up