ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ပြန်လွတ်

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံ ခေါင်းဆောင်ဟောင်း ခါလီဒါ ဇီယာကို လူသားချင်း စာနာမှုအခြေခံနဲ့ ထောင်ကနေ  ပြန်လွှတ်ပေးလိုက်ပြီလို့ ပါတီက မတ်လ ၂၆ ရက်မှာ ပြောတဲ့အကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနမှာ ဖော်ပြပါတယ်။  အသက် ၇၄ နှစ်အရွယ် ခါလီဒါကို အရေးပေါ် ဆေးကုနိုင်ရေးခွင့်ပြုဖို့ ထောင်ကနေ ၆လ လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ ဆီးချိုနဲ့ လေးဘက်နာရောဂါတွေအတွက် ဆေးကုဖို့ ဒါကာမြို့တော်မှာပဲ နေရမယ်လို့ ကန့်သတ်ထားပါတယ်။ ဗြိတိန်ကိုသွားပြီး ဆေးကုသခွင့်ပြုဖို့ သူ့မိသားစုက သူ့အတွက် အသနားခံစာ တင်ထားပါတယ်။  လောလောဆယ် ခါလီဒါကို ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်းဆရာဝန်တွေနဲ့ ကုသပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီရဲ့ ဒုဥက္ကဋ္ဌ ဇာဟိဒ်ဟူစိန်ကေ AFP သတင်းဌာနကို ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူစုလူဝေးလုပ်တာကို အစိုးရက တားမြစ် ပိတ်ပင်ထားပေမယ့် ဒါကာမြို့တော် ဆေးရုံကနေ လက်တွန်းလှည်းနဲ့ ထွက်လာတဲ့ ခါလီဒါကို ထောက်ခံသူ ရာချီပြီး နှုတ်ဆက်ခဲ့ကြတာပါ။ ဝန်ကြီးချုပ် တာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့တဲ့ ခါလီဒါကို အဂတိလိုက်စားမှုနဲ့ ၂၀၁၈ ဖေဖော်ဝါရီမှာ တရားစီရင်ပြီး ထောင်ချခဲ့တာပါ။ မိဘမဲ့ ထောက်ပံ့ရေး ရန်ပုံငွေအတွက် လှူထားတဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲကို အာဏာအလွဲသုံးစားပြုမှုနဲ့လည်း စွပ်စွဲခံထားရပါတယ်။ သူဟာ လက်ရှိအာဏာရ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ ကာလကြာရှည် ပြိုင်ဘက်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up