Live
Home
ဆောင်းပါး
ပြည်သူ့လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့တာ ဘာအဓိပ္ပာယ် ဆောင်သလဲ
DVB
·
March 21, 2013
ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း” ဆိုတဲ့ အရေးကြီး အဆိုတခု တင်ပြီး လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရမယ်၊ ဒါမှမဟုတ် အသစ်ပြန်ရေးဆွဲရမယ်လို့ ပြောဆိုနေချိန် သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်က အခု ခြေလှမ်းလှမ်းလိုက်တာပါ။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာလား၊ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဆွေးနွေးရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း အကျဉ်းလောက်တော့ ပြောဖို့လိုပါတယ်။ ပြောရရင် ၁၉၉၀ မှာ အဲဒီအချိန် စစ်အစိုးရကိုယ်တိုင် ကြီးမှူးကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေက လွှတ်တော် ခေါ်မပေးခဲ့ပါဘူး။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ်တွေ လုပ်ရမယ့် အလုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ တခု ရေးဆွဲဖို့ပဲ ဖြစ်တယ် ဆိုပြီး မုသားစကားတွေ ပြောဆိုခဲ့ပါတယ်။ တကယ့်တကယ် ၁၉၉၃ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ လုပ်တော့လည်း အနိုင်ရအမတ်တွေကို မရေးခိုင်းဘဲ စစ်အာဏာရှင်တွေ ကိုယ်တိုင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အများကြီးကြားထဲမှာ အန်အယ်လ်ဒီအမတ် နည်းနည်းလေး ထည့်ပြီး ရေးပါဆိုပြီး ခိုင်းခဲ့ပါတယ်။ တကယ်တော့ စစ်အစိုးရ အဲလို လုပ်တာဟာ သူတို့ လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခု ရဖို့ ကိုယ့်လူတွေ ကိုယ်ထည့်ပြီး ဟန်ပြရေးခိုင်းတယ် ဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါဘူး။ ဒီ ဖွဲ့စည်းပုံရေးတဲ့ အမျိုးသားညီလာခံကို အဲဒီ အချိန်က အပစ်အခတ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တက်ခွင့်ပေးခဲ့ပေမယ့် အကြံပြုတာတွေ မှန်သမျှ ဘာတခုမှ လက်မခံ၊ ကိုယ်လိုချင်တဲ့ အချက်တွေ ကိုယ်ထည့်ပြီး ညီလာခံက ချမှတ်တဲ့ အခြေခံမူတွေအဖြစ် တိုင်းပြည်ကို ပေါ်ပေါ်တင်တင် လိမ်လည်ခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း အဲဒီလို ပြည်သူတွေနဲ့ အတိုက်အခံအင်အားစု၊ တိုင်းရင်းသား အင်အားစု ဘယ်သူမှ လက်မခံတဲ့ ဖွဲ့စည်းပုံကိုပဲ ၂၀၀၈ ခုနှစ်မှာ မသမာတဲ့ နည်းပေါင်းစုံ သုံးပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုလို အပြောင်းအလဲအတွက် ရုန်းကန်လှုပ်ရှားကြတဲ့ အချိန်ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံးကလည်း ဒီဖွဲ့စည်းပုံကို အသစ်ရေးဆွဲဖို့ ဒါမှမဟုတ် ပြန်ပြီး ပြင်ဆင်ဖို့ တညီတညွတ်တည်း ပြောလာကြပြီ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဒီ ဖွဲ့စည်းပုံထဲမှာ ပြည်သူတွေအကျိုးစီးပွား၊ ဒီမိုကရေစီကို အာမခံမှု၊ တိုင်းရင်းသားတွေရဲ့ တန်းတူ အခွင့်အရေး ဘာတခုမှ မပါလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ မတ် ၁၅ ရက် လွှတ်တော်မှာ ဆွေးနွေးစဉ်တုန်းက အဆိုတင်တဲ့၊ အဆိုကို ထောက်ခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကတော့ ဒီဖွဲ့စည်းပုံကို “အနာဂတ်နိုင်ငံတော်အတွက် စေတနာအပြည့်နှင့် အဘက်ဘက်က ပြည့်စုံအောင် ရေးဆွဲခဲ့သည်” ဆိုပြီး အမွှန်းတင် ပြောဆိုလိုက်ပါသေးတယ်။ သူတို့ ပြောဆိုတာ နားထောင်ကြည့်ရင် ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ မပြောပါဘူး။ “လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်” ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီ ကော်မရှင်နဲ့ ကော်မတီ ဆိုတာကလည်း သူရဦးရွှေမန်း ဖွဲ့စည်းထားတဲ့ “ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” လည်း ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ ဒါဟာ သူရဦးရွှေမန်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်း ကြံ့ခိုင်ရေးအမတ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အန်အယ်လ်ဒီနဲ့ ပြည်သူလူထု၊ တိုင်းရင်းသားတွေ တင်ပြလာမယ့် ဖွဲ့စည်းပုံပြင်ရေး ကိစ္စ အရင်လက်ဦးအောင်၊ ဖွဲ့စည်းပုံကို အခြားသူတွေ ပြောင်းချင်သလို မပြောင်းဘဲ ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် လက်ဦးအောင် လုပ်တာ ဖြစ်နိုင်သလို မကြာသေးမီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး ဥပဒေ အပါအ၀င် ဥပဒေ တချို့ပြဋ္ဌာန်းခဲ့မိခဲ့တာတွေကို ပြင်ဆင်ဖို့ ကြိုးစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေကတော့ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီရေး အာမခံချက်တွေပါလာအောင်၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေး အာမခံချက်တွေ ပါလာအောင် နည်းပေါင်းစုံနဲ့ ကြိုးစားရမှာဖြစ်သလို စစ်တပ်က လက်ခံနိုင်တဲ့ အခြေခံဥပဒေဖြစ်ရေး ထည့်သွင်း စဉ်းစားရမှာလည်း ဖြစ်ပါတယ်။ ဒီလိုကြိုးစားရာမှာ အန်အယ်လ်ဒီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင် ပြောသလို ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး လွှတ်တော်ပြင်ပ တောင်းဆိုမှုတွေ လုပ်ဖို့အထိလည်း လိုကောင်း လိုလာနိုင်ပါတယ်။ ဒီလိုမှသာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေး အသံ ကျယ်လောင်လာချိန်၊ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေ နိုးကြားတက်ကြွလာတဲ့ အခြေအနေကို စစ်ဗိုလ်ချုပ်ဟောင်းတွေက လိုရာ ဆွဲမသွားနိုင်ဖို့ ကာကွယ်ရာ ရောက်မယ့်အကြောင်း တင်ပြလိုက်ရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024