မတ်လစတုတ္ထအပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်
DVB
·
March 21, 2013
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် မတ်လ စတုတ္ထပတ်အတွင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အကြောင်းကြားထားတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီဗွီဘီ ကို ပြောပါတယ်။
အဲလို တွေ့ဆုံတဲ့အခါ လာမယ့်နှစ်ကုန်ပိုင်းလောက်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ မှန်ကန်ခြင်း ရှိ မရှိ၊ နောက်ဆုံးအကြိမ် နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင် ဆွေးနွေးပွဲ ရလဒ်အရ ပီအာရ် ခေါ် အချိုးကျ ရွေးကောက်တင်မြှောက်စနစ် လွှတ်တော်ကို ဘယ်တော့ တင်မလဲ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ ခန့်အပ်ရာမှာ အများစုဟာ အငြိမ်းစား တပ်မတော်အရာရှိတွေ ဖြစ်နေတယ် ဆိုတဲ့ ကိစ္စ စတာတွေကို မေးမြန်းဆွေးနွေးသွားမယ်လို့ သူက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလက ကျင်းပနိုင်ခြင်း မရှိတဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေ အပါအ၀င် လစ်လပ်တဲ့ နေရာတချို့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆိုလိုတာ ဖြစ်ပါတယ်။