နိုင်ငံရေးအကျဉ်းသား စာရင်း အယောက် ၂၀၀ ကျော်ကွာနေ
DVB
·
March 21, 2013
နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းနဲ့ အကျဉ်းဦးစီးဌာနမှာ ရှာဖွေတွေ့ရှိတဲ့စာရင်းမှာ အယောက် ၂၀၀ ကျော် ကွာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (နိုင်ကျဉ်း) တာဝန်ရှိသူ ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က နေပြည်တော်မှာ အကျဉ်းသားစာရင်း သွားရောက်တိုက်ဆိုင် ညှိနှိုင်းစဉ် ခုလို သိရတာလို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြုစုတင်ပြတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁၀ ရှိပြီး အကျဉ်းဦးစီးဌာနက စာရင်းတွေမှာ ရှာဖွေတွေ့တာကတော့ ၁၉၆ ယောက်ရှိပါတယ်။
အစိုးရဘက်က စာရင်းတွေမှာ တွေ့ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၉၆ ယောက်အနက် ၆၄ ယောက်ကို လွှတ်ပေးပြီး ဖြစ်သလို ၂၇ ဦးကတော့ အချုပ်ကျနေဆဲ ဖြစ်တယ်လို့ ဦးထွန်းကြည်က ရှင်းပြပါတယ်။