Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ်သင်္ကြန် အချိန်အကန့်အသတ်ဖြင့် ကျင်းပ
နော်နိုရင်း
·
March 6, 2020
လွိုင်ကော်တက္ကသိုလ်ရဲ့ ဒုတိယ အကြိမ်မြောက် သင်္ကြန်ပွဲတော်ကို ဒီကနေ့ မတ်လ ၆ ရက်မနက်က  လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း ကျင်းပပါတယ်။   အခုနှစ် လွိုင်ကော်တက္ကသိုလ်သင်္ကြန်ပွဲကို ကျောင်းသားသမဂ္ဂက ဦးဆောင်စီစဉ်ကျင်းပတာ ဖြစ်ပြီး တက္ကသိုလ်အနေနဲ့ ကျောင်းသူကျောင်းသားတွေ လိုအပ်တာကို ကူညီပေးခဲ့တယ်လို့ လွိုင်ကော်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က ပြောပါတယ်။  “သူတို့ သင်္ကြန်ပွဲလုပ်ချင်ပါတယ်ဆိုပြီးတော့ လာပြီးတော့ တင်ပြတယ်။ တင်ပြတော့ ကုန်ကျငွေတွေကို သူ့ဘာသာ ကျောင်းသားတယောက်ကို ကျပ် ၅၀၀ စီကောက်ပြီးတော့ လိုအပ်တဲ့ပစ္စည်းပစ္စရတွေကို ငှားတာပေါ့။ ကျောင်းအနေနဲ့ပံ့ပို့ပေးတာကတော့ စတိတ်စင်တို့ အသံနဲ့ ပတ်သက်တဲ့စက်တွေတို့ နောက်ရေပေါ့။ ဒါတွေကို ကျောင်းကနေ ပံ့ပို့ပေးတာပေါ့။ ကျန်တာကတော့ ကျောင်းသူ ကျောင်းသားတွေကပဲ သူ့ဘာသာသူ စီစဉ်သွားတာပါ။ ” အခုနှစ်ကျင်းပတဲ့ လွိုင်ကော်တက္ကသိုလ်သင်္ကြန်ပွဲဟာ အရင်နှစ်ကထက်ပိုပြီး အစီအစဉ်တကျ ဖြစ်သလို စည်စည်ကားကားလည်းဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂဒု-ဥက္ကဋ္ဌ ကိုကောင်းထက်က ပြောပါတယ်။  “ကျောင်းသားတွေကနေပြီးတော့ အဆိုအကရှင်တွေ ဖော်ထုတ်ပြီးတော့ လုပ်တဲ့ပွဲလေးတပွဲ ဖြစ်ပါတယ်ဗျာ။ အားလုံးစိတ်အပန်းဖြေသွားအောင်လို့၊ စာမေးပွဲနီးလို့ လုပ်တဲ့ပွဲတပွဲဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂကနေပြီးမှ ဦးဆောင်ပြီး ကျောင်းသားကျောင်း သူအားလုံးက ပူးပေါင်း လုပ်တာဖြစ်ပါတယ်ဗျာ။ ပြီးခဲ့တဲ့နှစ်ကကျတော့ ကျနော်တို့ ပထမ အကြိမ်ဖြစ်တဲ့အတွက် အခက်အခဲတွေများကြီးရှိပါတယ်ဗျာ။ ဒီနှစ်ကျတော့ အရင်တနှစ်က အတွေ့အကြုံတွေယူပြီးတော့ လုပ်တာဖြစ်တဲ့အတွက် အစီစဉ်တကျတော့ ဖြစ်သွားပါတယ်ဗျာ။ ” ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ COVID – 19 ကြောင့်တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေမှာ ကျင်းပမယ့် ပွဲတွေကို  စိစစ်ပြီး ရက်ရွှေ့ဆိုင်းဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။  ဒီညွှန်ကြားချက်ကို လွိုင်ကော်တက္ကသိုလ်အနေနဲ့ မတ်လ ၃ ရက်ကတည်းက ရရှိထားပေမယ့် အခြေအနေအပေါ်ကြည့်ပြီး ကျောင်းသားတွေလည်း စီစဉ်ထားပြီးသားဖြစ်တာကို အချိန်အကန့်အသတ်နဲ့ ကျင်းပခွင့်ပြလိုက်တာလို့ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က ပြောပါတယ်။  “အဲဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီးတော့ ၃ ရက်နေ့က ရောက်တာပေါ့နော်။ ၄ ရက်နေ့မှာ အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်တယ်။ ဆုံးဖြတ်တော့ ကျောင်းရဲ့အာဏာပိုင်အဖွဲ့အစည်းရယ်၊ ကျောင်းသားသမဂ္ဂရယ်၊ ညွှန်ကြားချက်ကိုလည်း ကျောင်းသားသမဂ္ဂကိုလည်း ပြောလိုက်တယ်။ ကျောင်းသားသမဂ္ဂထဲက မလုပ်ပါနဲ့ဆိုတာလည်းမဟုတ်ဘူး။ မဖြစ်မနေလုပ်ပါဆိုတာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့မှာ စီစဉ်ပြီးသားတွေ အကုန်ဖြစ်ကုန်ပြီ။ ဥပမာ ငွေတွေလက်ကျွံနေ တာရှိတယ်၊ အဆိုတော်လည်းငှားထားတာတွေ ကျွံထားတာတွေရှိနေတဲ့အတွက် ကျင်းပချင်တယ်ပေါ့။ ကျင်းပချင်တော့ အချိန်ကိုလျော့မယ်ပေါ့။ နဂိုအချိန်က သူတို့မနက် ၉ နာရီကနေ ညနေ ၃ နာရီလောက်အထိ သူတို့က တောင်းဆိုတာ။ အဲဒါကို နေ့လည်မှာ မနားတော့ဘဲ ၁၂ နာရီမှာ အပြီးသိမ်းပေးပါဆိုပြီးတော့ သူတို့လည်း လက်ခံသဘောတူတဲ့အတွက် ကျင်းပခွင့်ပေး လိုက်တာပေါ့နော်။ ” ဒီကနေ့ လွိုင်ကော်တက္ကသိုလ်မှာကျင်းပတဲ့ သင်္ကြန်ပွဲမှာ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဟန်နီကို ငှားရမ်းဖျော်ဖြေပွဲ ကျင်းပခဲ့ကြပါတယ်။  လွိုင်ကော်မြို့မှာ ဒီကနေ့ ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲကိုတော့ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဖျက်သိမ်းလိုက်တယ်ပါတယ်။  ဒါ့အပြင်တခြား အစိုးရကနေ ဦးဆောင်ကျင်းပမယ့် ပွဲတွေကိုလည်း ရပ်ဆိုင်းထားတယ်လို့လည်း သိရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024