Home
မြန်မာသတင်း
ဘဏ္ဍာရေးစည်းမျဉ်းမလိုက်နာသည့် တန့်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိကို အရေးယူ
Aung Ko Latt
·
March 6, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်က မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်မင်းစိုးကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း မလိုက်နာတာ၊ ဝန်ထမ်းကျင့်ဝတ်ဖောက်ဖျက်တာ တွေကြောင့် ဦးစီးမှူးရာထူးကနေ တဆင့်နိမ့်တဲ့ ဒုဦးစီးရာထူးအဖြစ် တစ်နှစ်လျော့ချ အရေးယူခဲ့တယ်လို့ စစ်ကိုင်းတိုင်း စိုက်မွေးဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက တိုင်းလွှတ်တော်မှာ ပြောပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် တန့်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေကို တိုင်းငွေစာရင်းရုံးခွဲ တာဝန်ရှိသူတွေက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ သွားရောက်စစ်ဆေးခဲ့တာပါ။ ဝန်ထမ်းတဦးရဲ့ လုပ်အားခ ၃ လအတွက် ကျပ် ၃၈၈၈၀၀ ၊ ဂိုဒေါင်အဆောက်အဦ ငှားရမ်းခရငွေ ၂ လစာ ကျပ် ၂ သိန်းတို့မှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာပါ။  ဒီကိစ္စနဲ့ပတ်သက်ပြီး ငွေတွေကို ဘဏ်ကို ပြန်လည်ပေးသွင်းဖို့ အကြောင်းကြားခဲ့ပြီး ရုံးချုပ်ကို ဆက်လက်တင်ပြရာမှာ ညွှန်ကြားရေးမှူးချုပ်က ရုံးအမိန့်စာအမှတ် ၃၃၇/၂၀၂၀နဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။ "ငွေကြေးအမှန်တကယ်ထုတ်ပေးပေမယ့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု မရှိတာ၊ ဝန်ထမ်းကျင့်ဝတ် ဥပဒေအပိုဒ် ၆ (ဂ)ကို ဖောက်ဖျက်ကျူးလွန်တာတွေကြောင့် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေ ၂၁၀ (င)အရ ဦးစီးမှူးရာထူးကနေ ဒုဦးစီးမှူး ရာထူးကို ၁ နှစ်လျော့ချခဲ့တာပါ" လို့ စစ်ကိုင်းတိုင်း စိုက်/မွေး/ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောပါတယ်။ မတ်လ ၄ ရက်နေ့ကကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တန့်ဆည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက စိုက်ပျိုးရေးဝင်ငွေတိုးပွားစီမံကိန်း (Agricature Incom Improvement Project-AIIP) ဘတ်ဂျက်နဲ့ ဆောင်ရွက်ထားတဲ့ စံပြကွက်တွေ အတွက် တောင်သူတွေမှာ ငွေကြေးမရတာတွေ၊ ပစ္စည်းတန်ဖိုးစာရင်းလိမ်တာတွေကို ဘယ်လို အရေးယူမလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။  ဒါ့အပြင် ဌာနတွင်း ဝန်ထမ်းတဦးကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တန်းထားတာတွေလည်း ရှိပါတယ်။ "စီမံကိန်းအကောင်အထည်ဖော်တဲ့ တောင်သူတွေမှာ ရသင့်ရထိုက်တဲ့ ငွေကြေးအပြင် သွင်းအားစုတွေ မရပေမယ့် စာရင်းလိမ်တင်တာတွေ တွေ့ရတယ်။ အဲဒီကိစ္စကို တောင်သူတွေက ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတယ်။ အောက်ခြေဝန်ထမ်းတွေကိုလည်း အထင်အမြင်လွဲမှားခံရတယ်။ တောင်သူတွေအတွက် ရည်ရွယ်ပြီးဆောင်ရွက်တာဖြစ်လို့ အမှန်တကယ် တောင်သူတွေလက်ထဲကို ရောက်စေချင်တယ်။"လို့ တိုင်တန်းခဲ့သူ တစ်ဦးက ပြောပါတယ်။ Agriculture Income Improvement Project  (AIIP) စီမံကိန်းကို JICA ချေးငွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို၊ ဘုတလင်၊ ဒီပဲယင်း၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ တန့်ဆည်၊ ဝက်လက် စတဲ့ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်းက မြို့နယ် ၉ မြို့နယ်မှာ ၂၀၁၈-၁၉ ခုနှစ်ကနေ ၂၀၂၂-၂၃ ခုနှစ်ထိ ၆ နှစ်တာ စီမံကိန်းနဲ့ ငွေကျပ်သန်းပေါင်း ၁၅၆၈ ဒသမ ၁၂ သန်းအကုန်အကျခံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  စီမံကိန်းကာလအတွင်း တောင်သူတွေ၊ ဝန်ထမ်းတွေကို ပညာပေးတာ၊ စံပြစိုက်ကွက်တွေ ဖော်ဆောင်တာ၊ မျိုးစေ့ထုတ်စိုက်ကွက်တွေ လုပ်ဆောင်တာ၊ နည်းပညာပေးအဆောက်အအုံပေါင်း ၃၄ ခု ဆောက်လုပ်တာ၊ မျိုးစေ့သန့်စင်စက်နဲ့ အအေးခန်းသိုလှောင်ရုံ ၂ ရုံတည်ဆောက်တာတွေ လုပ်ဆောင်သွားမှာပါ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ တောင်သူ ၂၀၈ ဦးရဲ့ စိုက်ဧက ၄၈၀ ကျော်မှာ စပါး၊ ပဲ၊ နှမ်း စံပြစမ်းသပ်ကွက်တွေ ဆောင်ရွက်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024