ပခုက္ကူစက်မှုဇုန်တွင် ရေနံချက်စက်ရုံ ၅ ရုံတည်ဆောက်
DVB
·
March 4, 2020
မကွေးတိုင်းဒေသကြီး ပခုက္ကူစက်မှုဇုန်မှာ ရေနံချက်စက်ရုံ ၅ ခု တည်ဆောက်နေတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
ရေနံချက်စက်ရုံဆောက်လုပ်ဖို့ လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲကနေ ၅ ခုကိုရွေးချယ်ပြီး ဆောက်လုပ်ခွင့်ပြုခဲ့တာလို့လည်း ဝန်ကြီးက ပြောပါတယ်။
"သတင်းစာမှာ ကြော်ငြာခေါ်ပြီး လျှောက်ထားတဲ့ ကုမ္ပဏီ ၁၁ ခုထဲက နည်းပညာ စက်စပ်ပစ္စည်းတွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီ ၅ ခုကို ပြည်ထောင်စု ရေနံဓာတုနှင့်စွမ်းအင်ဝန်ကြီးဌာနက အတည်ပြုရွေးချယ်ပေးခဲ့တာပါ။ ရွေးချယ်ပေးခဲ့တဲ့ ကုမ္ပဏီတွေကို တိုင်းဒေသကြီးအစိုးရက မြေ နေရာ၊ လျှပ်စစ်ဓာတ်အားနဲ့ လမ်းဖောက်တဲ့ကိစ္စတွေ ကြီးကြပ်ဆောင်ရွက်ပေးနေတာပါ"
လက်ရှိအခြေအနေမှာတော့ ကုမ္ပဏီတစ်ခုက ဆက်စပ်ပစ္စည်းတွေ ရောက်ရှိနေပြီး စတင် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ကာ ကျန်တဲ့ကုမ္ပဏီတွေလည်း လည်ပတ်နိုင်အောင် ဆောင်ရွက်နေကြပါပြီလို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားဝင်ရေနံလက်ယက်တွင်းတိမ် လုပ်ကွက်ပေါင်း ၃၃ ကွက်ရှိပြီး နိုင်ငံတော်နဲ့ တိုင်းဒေသကြီးအတွက် အခွန်ဘဏ္ဍာတွေ အများဆုံးရရှိနေတာလို့လည်း သိရပါတယ်။
သတင်း-မင်းထီး