Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုးရာဓလေ့ပွဲတော်များ ရွှေ့ဆိုင်းဖျက်သိမ်းရန် ရှမ်းပြည်နယ်အစိုးရ ညွှန်ကြား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုးရာဓလေ့ပွဲတော်များ ရွှေ့ဆိုင်းဖျက်သိမ်းရန် ရှမ်းပြည်နယ်အစိုးရ ညွှန်ကြား
DVB
·
March 3, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် ရှမ်းပြည်နယ်ထဲမှာကျင်းပမယ့် ရိုးရာဓလေ့ ပွဲတော်တွေကို ရွှေ့ဆိုင်းဖျက်သိမ်းကြဖို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ကူးစက်ဖြစ်ပွားတဲ့နိုင်ငံတွေ များလာပြီး တရုတ်နိုင်ငံ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးမှာ အလွန်မြင့်မားတဲ့အဆင့်အဖြစ် သတ်မှတ်ခဲ့တယ်လို့ မတ်လ ၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်နယ်အစိုးရရဲ့ ညွန်ကြားစာမှာ ဖော်ပြထားပါတယ်။
ဒီရာသီကာလဟာ ရှမ်းပြည်နယ်မှာ ရိုးရာဓလေ့ပွဲတော်တွေ ကျင်းပလေ့ရှိတာကြောင့် COVID-19 ရောဂါ ကူးစက်တာကနေ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကျင်းပရမယ့်ပွဲတော်တွေကို ရက်ရွှေ့ဆိုင်းတာ၊ ဖျက်သိမ်းတာတွေ လုပ်ဖို့လိုတယ်လို့ အကြောင်းကြားထားပါတယ်။
မဖြစ်မနေ ကျင်းပရမယ့်ပွဲတော်တွေဆိုရင် လူတွေတက်ရောက်မှု နည်းသထက်နည်းအောင်၊ ရောဂါကူးစက်တဲ့လက္ခာရှိသူနဲ့ သံသယလူနာတွေမတက်ရောက်အောင် စီမံပြီးဆောင်ရွက်ဖို့ ညွန်ကြားထားတယ်လို့ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တပေါင်းပွဲတော်တွေကျင်းပဖို့ရှိသလို ထမ်ဆန်းရွှေတိဂုံ အိုးစည်တစ်ထောင်ပွဲတော်၊ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်၊ မွေတော်ကက္ကူ တပေါင်းပွဲတော်၊ ပင်းတယလှိုင်ဂူ ဗုဒ္ဓပူဇနိယဘုရားပွဲတော်၊ ဓနုဆုံစည်းရာပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
ထမ်းဆန်းရွှေတိဂုံဘုရား အိုးစည် ၁၀၀၀ ပွဲတော်ကတော့ ဖျက်သိမ်းခြင်း ရွေ့ဆိုင်းခြင်းမရှိဘဲ မူလသတ်မှတ်ရက် မတ်လ ၆ ရက်နေ့ မှာစတင်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ပင်းတယ ဗုဒ္ဓ ပူဇာနိယ တပေါင်းပွဲတော်ကတော့ ဖျက်သိမ်းပြီး နောက်နှစ်မှ ပြန်လည်ကျင်းပမယ်လို့ ပင်းတယ ဗုဒ္ဓပူဇနိယပွဲတော်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ငွေကပြောပါတယ်။
“တကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပေါ့နော် အဲဗိုင်းရပ်စ်ကပျံ့နှံ့နေတဲ့အတွက် ကျနော်တို့ လူစုလူဝေးမှာ ရှုပ်ထွေးလာမှာစိုးလို့ဆိုပြီး ကျနော်တို့ရှမ်းအစိုးရလည်းဒီပွဲကိုရွေ့ဆိုင်းဖို့ ဖျက်သိမ်း ဖို့အကြောင်းကြားလာတဲ့အတွက် ပွဲကိုဖျက်သိမ်းရခြင်းဖြစ်တယ်”
ပင်းတယမှာ ပွဲတော်ဖျက်သိမ်းလိုက်တဲ့အတွက် အခွန်ဆောင်ထားတဲ့စျေးဆိုင်ခန်းကို ငွေပြန်အမ်းသွားမှာဖြစ်ပြီး နောက်နှစ်မှာ ဒီဆိုင်ခန်းရှင်တွေကို ဦးစားပေးလုပ်ဆောင်သွားပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ မတွေ့ရသေးပေမယ့် ရောဂါစဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ စင်္ကာပူ၊ ကိုရီးယား၊ အီတလီနဲ့ အီရန်နိုင်ငံတို့မှာ အရှိန်အဟုန်နဲ့ ရောဂါဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီရောဂါဟာ ရောဂါလက္ခဏာမပြသေးသူကလည်း တခြားသူတွေဆီ ကူးစက်နိုင်ပြီး မြန်မာနိုင်ငံမှာ ရောဂါဖြစ်သူ အများအပြား ရုတ်တရက်တပြိုင်နက် တွေ့လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
ဒီကာလမှာ လူစုလူဝေးများတဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ဖို့၊ အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေလုပ်ရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုပဲ လုပ်ဖို့၊ လုပ်တဲ့အခါမှာလည်း တက်ရောက်တဲ့ လူအရေအတွက် နည်းနိုင်သမျှနည်းအောင်လုပ်ဖို့၊ ဖျားနေတဲ့သူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ မလာစေရေး တင်းတင်းကျပ်ကျပ် လုပ်ထားဖို့ စတာတွေကို လိုက်နာဆောင်ရွက်ဖို့ ကျန်းမာရေးဌာနက နှိုးဆော်ထားပါတယ်။
COVID-19 ရောဂါကြောင့် နေပြည်တော်မှာပြုလုပ်မယ့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ရက်ရွှေ့ခဲ့သလို ပဲခူးတိုင်း ညောင်လေးပင်မှာ ဒီလထဲ ကျင်းပဖို့ရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ လုဒ်မယ်တော်ပွဲတော်ကို ဖျက်သိမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေ ၄၅ ယောက်လောက်ရှိခဲ့ပေမယ့် ဓာတ်ခွဲအဖြေအရ တဦးတယောက်မှ ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း- ခွန်ရာဇာ