ကျူးကျော်ဈေးသည်များအား အရေးယူပေးရန် မော်လမြိုင်စည်ပင်ကို တောင်းဆို
DVB
·
March 2, 2020
မော်လမြိုင်စည်ပင်သာယာအဖွဲ့အနေနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း တရားမဝင် ကျူးကျော်ဈေးသည်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အေးသာယာကုန်စိမ်းဈေးသည်တွေက တောင်းဆိုလိုက်ပါတယ်။
မော်လမြိုင် စည်ပင်သာယာရေးအဖွဲ့ဟာ မြို့နယ်အတွင်းရှိ ကုန်စိမ်းဈေးသည်တွေ တနေရာတည်း ဈေးရောင်းချနိုင်အောင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အေးသာယာကုန်စိမ်းဈေးကို တည်ဆောက်ခဲ့တာပါ။
အခုအခါ ကုန်စိမ်းဈေးသည် ၁၀၀ နီးပါး သတ်မှတ်ထားတဲ့ ကုန်စိမ်းဈေးမှာ ဈေးမရောင်းဘဲ ဈေးကွက်ကောင်းတဲ့ မြိုင်ရတနာဈေး လမ်းဘေးတွေမှာ တရားမဝင် ကျူးကျော် ရောင်းချနေတဲ့အတွက်ကြောင့် အေးသာယာကုန်စိမ်း ဈေးသည်တွေက မတ်လ ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ရုံးမှာ သတင်းစာရှင်လင်းပြီး အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မော်လမြိုင်စည်ပင်သာယာရေးအဖွဲ့ဟာ ကျူးကျော်ဈေးသည်တွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခြင်းမရှိရင် အရေးသွားမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ထားပေမယ့် ဒီနေ့အချိန်အထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ အေးသာယာကုန်စိမ်းဈေးသည်တဦးဖြစ်တဲ့ ဒေါ်ငြိမ်းငြိမ်းခိုင်က ပြောပါတယ်။
တရားမဝင် ကျူးကျော် ရောင်းချနေတဲ့ ဈေးသည်တွေအနေနဲ့ အေးသာယာကုန်စိမ်းဈေးမှာ လာရောက် ရောင်းချနိုင်တယ်လို့ ဈေးသည် ဒေါ်ငယ်ငယ်က ပြောပါတယ်။
အခုလို အခြေအနေတွေကြောင့် အေးသာယာကုန်စိမ်းဈေးမှာ ဈေးရောင်းချနေတဲ့ ဈေးသည် ၂၀၀ နီးပါးဟာ နေ့စဉ် အရှုံးပေါ်လာခဲ့တယ်လို့ ဈေးသည် ဒေါ်စန်းစန်းအေး ဆိုပါတယ်။
မော်လမြိုင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်သိန်းကတော့ တရားမဝင် ကျူးကျော် ရောင်းချနေတဲ့ ဈေးသည်တွေကို မတ်လ ၁ ရက်နေ့ကစပြီး ဖြည်းဖြည်းချင်း ဖယ်ရှား အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဇော်လွင်ထွဋ်