မင်းဘူးတိုးဂိတ်တွင် တရားမဝင် ဘင်္ဂါလီ ၇ ဦးနှင့် ယာဉ်မောင်း ၂ ဦး ဖမ်းမိ
DVB
·
March 1, 2020
မကွေးတိုင်း ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ခြမ်းတိုးဂိတ်မှာ ဒီနေ့ ၇ နာရီလောက်က မော်တော်ယာဉ်တစီးကို စစ်ဆေးရာမှ တရားမဝင် ဘင်္ဂါလီ ၇ ဦးနဲ့ ယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာန စိတ်က ရဲအုပ်မျိုးလွင်ခေါင်းဆောင်တဲ့အဖွဲ့နဲ့ မင်းဘူးခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တွေက သတင်းအရ တိုးဂိတ်မှာ စောင့်ဆိုင်းရှာဖွေနေစဉ် ယာဉ်မောင်း ၂ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ကျား (၁)၊ မ (၆) ဦးကို ဖမ်းဆီးရမိတာလို့ မင်းဘူးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းက ပြောပါတယ်။
“သတင်းကလည်း ရထားတယ်၊ သတင်းမရလည်း ဒီတိုးဂိတ်မှာ ကျနော်တို့ ရဲတပ်ဖွဲ့က နေစဉ်စစ်ဆေးတာတွေ ရှိပါတယ်။”
WISH အနက်ရောင် မော်တော်ယာဉ်မောင်းပြီး ဘင်္ဂါလီတွေကို သယ်ဆောင်လာတဲ့ အောင်ခိုင်မြင့် (ဒလမြို့နယ်) နဲ့ ယာဉ်မောင်းအကူ အောင်ကိုကို (သုဝဏ္ဏမြို့နယ်) တို့ကို ရဲအုပ်မျိုးလွင်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် မင်းဘူးမြို့မရဲစခန်းမှာ အမှုရေးဖွင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလို့ယူဆရသူ ၇ ဦးကိုလည်း မင်းဘူးမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မင်းဘူးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဘင်္ဂါလီ ၁၂ ဦး၊ ၂၀၂၀ ဇန်နဝါရီ ၈ ရက်နေ့က ၁၀ ဦး ဖမ်းဆီးမိခဲ့ပြီး ၁၉၄၉-ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၂)၊၆(၃) တို့နဲ့ အရေးယူခဲ့တယ်လို့ သိရပါတယ်။
တင်ရွှေ(မင်းဘူး)