Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့ဆန္ဒဖြင့်ပြင်မရသည့် အခြေခံဥပဒေဖြစ်နေ  
နေဖြိုးဝင်း
·
February 25, 2020
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒနဲ့ ပြင်လို့မရတဲ့ ဥပဒေဖြစ်နေတယ်လို့  ချင်း ပြည်နယ်မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ် ဦးနေလင်းအောင်က  လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။  ဖေဖော်ဝါရီ ၂၅ ရက်မနက်က ပြည်ထောင်စုလွှတ်တော်မှာ  စတင်ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး   အခုလိုပြောသွားတာပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ရှိပေမယ့် အခန်း ၁ ကနေ အခန်း ၄ ထိ ပုဒ်မတွေကပဲ ပြည်သူတွေကို အခွင့်အာဏာပေးထားတာဖြစ်လို့ ကျန်ပုဒ်မတွေကလည်း ပြည်သူရဲ့ အခွင့်အာဏာအောက်မှာရှိသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောပါတယ်။ ပြည်သူ့ကိုယ်စားရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒဟာ ပြည်သူ့ရဲ့ဆန္ဒဖြစ်သလို ပြည်သူ့ ကိုယ်စားလှယ်များရဲ့အာဏာဟာ ပြည်သူ့ရဲ့အခွင့်အာဏာ ရှိတယ်လို့လည်းဆိုပါတယ်။  “ပုဒ်မ ၄၃၆(က)ရဲ့ အခန်း(၁) ပုဒ်မ(၁)က နေ (၄၈)အထိ၊ အခန်း(၂)ပုဒ်မ (၄၉)ကနေ (၅၆) ပုဒ်မတွေကိုပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ လက်ခံသဘောတူရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့သာပြင်ရမှာဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့ ပြင်လို့မရတဲ့ ဥပဒေဖြစ်နေတယ်”လို့  ဦးနေလင်းအောင်က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူရွေးချယ်တင်မြှောက်ခွင့်ရှိတာ ၇၅ ရာခိုင်နှုန်းပဲ ရှိပြီး ကျန်တဲ့ ၂၅ ရာခိုင် နှုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရတာဖြစ်လို့ ၇၅ ရာခိုင်နှုန်းကျော်မှပြင်လို့ရမယ်ဆိုတာဟာ ပြည်သူတင်မြှောက်ထားတဲ့ ကိုယ်စားလှယ်အားလုံး ပြင်ချင်ရင်တောင် ပြင်လို့မရတဲ့အတွက်  ပြည်သူဆန္ဒနဲ့ပြင်လို့မရတဲ့ဥပဒေဖြစ် နေပါတယ်။ ဒါကြောင့် ပုဒ်မ ၄၃၆(က) ကိုပြင်ဆင်သင့်တယ်လို့လည်း ဆွေးနွေးသွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄မှာပါရှိတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌ တည်သည်ဆိုတဲ့ အချက်နဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒါကြောင့်မို့  ပုဒ်မ ၄၃၆(က) ပြင်ဆင်သင့်ပါတယ်လို့လည်း ဦးနေလင်းအောင်က ပြောပါတယ်။ ကြံ့ခိုင်ရေး ပါတီလွှတ်တော် ကိုယ်စားလှယ် မင်းကင်းအမတ် ဦးမောင်မြင့်ကတော့ ပြည်သူ့ဆန္ဒဆိုတာကို ဘယ်အရာနဲ့ တိုင်းတာမလဲလို့ လွှတ်တော်မှာ မေးခွန်းထုတ်သွားပါတယ်။  လက်ရှိပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ဥပဒေကြမ်းမှာတော့ ပုဒ်မ ၄၃၆(က)နဲ့ပတ်သက်တဲ့ ပုဒ်မတွေကို ပြင်လိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံကျော်က ပြင်ဖို့ သဘောတူလက်ခံရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ ပြင်ရမယ်လို့ ပြင်ဆင်ထားပါတယ်။ ဒါအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက် ကျော် ဆန္ဒမဲနဲ့ပြင်ဆင်တာမှာလည်း ထောက်ခံတဲ့သူဟာ မဲပေးခွင့်ရှိသူရဲ့ တစ်ဝက်မကျော်ရင် ပြင်လို့မရတဲ့အတွက် အများစုရဲ့ ဆန္ဒကို အနည်းစုက လွှမ်းမိုးထားတဲ့အတွက် ပြင်ဆင်သင့်တယ်လို့ ပြောပါတယ်။ “အထူးဆွေးနွေးလိုတာကတော့ ကမ္ဘာပေါ်မှာ ဘယ်ဒီမိုကရေစီတိုင်းပြည်ကမှ ပြည်သူ ရွေးချယ်တဲ့လွှတ်တော်ကိုယ်စားလှယ် အားလုံးပြင်စေချင်တောင်မှ ပြင်လို့မရဘူးဆိုတဲ့ ဥပဒေပုဒ်မ ပါတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ ဒါကြောင့်မို့ အဲ့လို ပုဒ်မမျိုးပါတဲ့ နိုင်ငံဆိုရင်လည်း အာဏာရှင်အရိပ်အငွေ့ ရှိ မရှိ စဉ်းစားဖို့လိုမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မွှေးသာမွှေးပါစေ ပန်ကြပါလိမ့်မယ်ဆိုတဲ့အတိုင်း ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေကိုသာရေးဆွဲလိုက်ပါ ပြည်သူကိုမျက်နှာမူတဲ့ အခြေခံဥပဒေကိုသာ ရေးဆွဲလိုက်ပါ ပြည်သူကိုမချစ်ပါနဲ့ မချစ်ပါနဲ့ ကြိုက်သလောက်တားနေရင်လည်း ပြည်သူက သူ့အလိုလို ပို၍ပို၍ ချစ်လာပါလိမ့်မယ်”လို့ ဦးနေလင်းအောင်က ဆွေးနွေးသွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် ကိုယ်စားလှယ် ၁၄၉ ဦးက ဆွေးနွေးကြမှာဖြစ်ပြီး ဒီကနေ့ ၁၅ ဦး စတင်ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024