Yangon City ရုပ်သံလိုင်းတခု အကောင်အထည်ဖော်ရန် လုပ်ဆောင်နေ
DVB
·
February 23, 2020
ရန်ကုန်စည်ပင်အနေနဲ့ Yangon City ရုပ်သံလိုင်းတခု အကောင်အထည်ဖော်ဖို့ လုပ်နေတယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
Yangon City ရုပ်သံလိုင်း အကောင်ထည်ဖော်ရေးအတွက် ဒီနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပြန်ကြားရေးဝန်ကြီးတို့ဟာ ရန်ကုန်မြို့ ပြည်လမ်းက မြန်မာအသံနဲ့ရုပ်မြင်သံကြားဦးစီးဌာန ရန်ကုန်ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမှာ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ရန်ကုန်မြို့တော် Yangon City ရုပ်သံလိုင်း လိုအပ်နေတာကို ဆွေးနွေးခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ဘာတွေ ပံ့ပိုး နိုင်မလဲဆိုတာကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦမျိုးမြင့်မောင်က ရှင်းလင်းခဲ့ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခေတ်အဆက်ဆက် ထုတ်ဝေခဲ့တဲ့ မြို့တော် သတင်းစာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစလို့ ရပ်နားခဲ့ပါတယ်။
ဒါဟာ အရှုံးပေါ်လို့ရပ်တာ မဟုတ်ဘဲ ကြော်ငြာတွေရလို့ အမြတ်ရနေပေမယ့် အွန်လိုင်းမီဒီယာအဖြစ် အသွင်ပြောင်းတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောထားပါတယ်။