လှည်းကူးမြို့နယ်တွင် မီးလောင်၊ လူနေတဲအိမ် ၁၈ လုံး ဆုံးရှုံး
DVB
·
February 23, 2020
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်တောင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေတဲအိမ် ၁၈ လုံး ဆုံးရှုံးခဲ့တယ်လို့ လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနက ဒုဦးစီးမှူး ဦးတင်မိုးလွင်က ပြောပါတယ်။
မီးစတင်လောင်တာက ဒါးပိန်ဆတောင်ကျေးရွာက အုတ်ကားယာဉ်နောက်လိုက် သူရဌေး ဆိုသူရဲ့ နေအိမ်တဲနောက်ဖေး မီးဖို မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာ ဖြစ်ပြီး ဒါးပိန် မီးသက်စခန်းနဲ့ လှည်းကူး မီးသတ်စခန်းတို့က မီးသက်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးတို့နဲ့ သွားရောက်ကာ ရွာသူရွာသားတွေ နဲ့စုပေါင်း ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး ဓနိကာ၊ သွပ်မိုး ဓနိကာ ၁၀ ပေဝန်းကျင်လောက်ရှိတဲ့ တဲအိမ် ၁၈ လုံး၊ ကာလတန်ဖိုး ၁၉၈၇၅၀၀ ကျပ်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။
မီးပေါ့ဆစွာ အသုံးပြုမှုကြောင့် မီးစတင်လောင်ကျွမ်းတဲ့အိမ်က သူရဌေးကို ဒါးပိန်ရဲစခန်းကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အရေးယူထားတယ်လို့ သိရပါတယ်။