Home
မြန်မာသတင်း
အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် တောင်ကုတ်မြို့တွင် ဆန္ဒပြ
DVB
·
February 22, 2020
ရခိုင်ပြည်နယ်ရှိ မြို့နယ်  ၈ မြို့နယ်နဲ့ ချင်းပြည်နယ် (ပလက်ဝမြို့နယ်) တို့မှာ တိုက်ပွဲတွေကြောင့် ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး တောင်ကုတ်မြို့မှာ ဒီနေ့မနက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုသော်ဇင်ထွန်းက “ကျနော်တို့ အဓိက ဆန္ဒပြရတဲ့အချက်တွေကတော့ အင်တာနက်ဖြတ်တောက်ထားတာတွေကို ပြန်လည်ဖွင့်ပေးဖို့ဆိုတဲ့ အဓိကအချက်ကိုပြတာပါ။ နောက်ပြီးတော့ ပြည်တွင်း ပြည်ပက သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းယူနိုင်ရေး၊ ပြီးတော့ အသက်အန္တရာယ်လုံခြုံစွာ ပညာသင်ကြားနိုင်ရေးဆိုတဲ့ အချက်တွေကို အဓိကထားပြီးတော့ ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်” လို့ ပြောပါတယ်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲကို လူပေါင်း ၁၀၀ ကျော်ပါဝင်ခဲ့ကြပြီး တောင်ကုတ် ဒီဂရီကောလိပ်ကနေ တောင်ကုတ်မြို့ ဦးဥတ္တမရုပ်တုရှေ့ထိ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ထားမှုကို လုံးဝမပိတ်ဘဲ ပြန်လည်ဖွင့်ပေးဖို့၊ ကမ္ဘာ့အရှည်အကြာဆုံး အင်တာနက် ဖြတ်တောက်ထားမှု ချက်ချင်းရပ်၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ လွတ်လပ်စွာ သတင်းရယူနိုင်ရေးဖော်ဆောင်ပေး၊ အသက်အန္တရာယ်လုံခြုံစွာ ပညာသင်ကြားနိုင်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာလအစောပိုင်းမှာ မြို့နယ် ၅ မြို့နယ်ကို အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့အား ဆက်ပိတ်ထားပါတယ်။ ဒီနောက် ဖေဖော်ဝါရီ ၃ ရက် နေ့ကစပြီး ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းတွေ ထပ်မံဖြတ်တောက်ခဲ့တာပါ။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက်အရ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက်အသုံးပြုခွင့် ပိတ်ထားတာလို့ ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024