Home
မြန်မာသတင်း
သစ်ဖမ်းဆီးမှုတွင် သစ်ခိုးသမားများ ပြန်ရန်ပြုသည့်အန္တရာယ် ကြုံနေရဟု သစ်တောတာဝန်ရှိသူပြော
DVB
·
February 22, 2020
တရားမဝင်သစ်တွေ ဖမ်းဆီးတဲ့အခါမှာ သစ်ခိုးသမားတွေက ပြန်လည်ရန်ပြုနေတဲ့အတွက် ကြီးမားတဲ့အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။  ပဲခူးရိုးမကို သစ်ခုတ်ခွင့် ၁၀ နှစ် ပိတ်ထားတယ် ဆိုပေမယ့် တရားမဝင် သစ်ခိုးသမားတွေ များစွာရှိနေတဲ့အတွက် နေ့စဉ် ဖမ်းဆီးမှုတွေ ပြုလုပ်နေရပြီး ဖမ်းဆီးရမိမှုက တနှစ်ထက် တနှစ် ပိုများလာကာ ၂၀၁၈ ခုနှစ်က တန် ၅၁၀၀ လောက် ဖမ်းဆီးနိုင်တယ်လို့ ပဲခူးတိုင်း သစ်တောဦးစီးဌာနက ပြောပါတယ်။  အဲဒီလို ဖမ်းဆီးတဲ့အခါမှာ တရားမဝင် သစ်ထုတ်လုပ်သူတွေရဲ့ နှောင့်ယှက်မှုတွေ၊ ရန်ပြုတာတွေ ရှိနေတဲ့အတွက် ဝန်ထမ်းတွေအတွက် တော်တော်ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်းသစ်တောဦးစီးဌာန ဒုညွှန်မှူးဦးဇော်စိုးက ပြောပါတယ်။ “တရားမဝင်သစ်တွေ ဖမ်းဆီးတဲ့အခါမှာ ကျနော်တို့က လမ်းကြောင်းကနေဖြတ်ပြီး ဖမ်းတာမျိုးတွေ ရှိတယ်။ လမ်းကြောင်းကနေဖြတ်ပြီး တားဆီးစစ်ဆေးပြီးတော့သွားတဲ့ ကိစ္စမျိုးမှာ ဝိုင်းပြီးရန်ပြု၊ အန္တရာယ်ပြုတဲ့ကိစ္စလေးတွေ ရှိတယ်။ ဒါတွေကတော့ တော်တော်ကို ကြီးမားတဲ့ အန္တရာယ်တွေလို့ ပြောလို့ရတယ်။ တော်တော်ကြီးမားတဲ့ အခက်အခဲလည်း ဖြစ်ပါတယ်။” ကျောက်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စန်းဦးက “ကျနော် သစ်ကားလို့ယူဆရတဲ့ မသင်္ကာတဲ့ ကား ၃ စီးကို တားလိုက်တယ်။ သက်ဆိုင်တဲ့ ရဲ၊ သစ်တောတို့က လုပ်ပါဆိုတဲ့ အခြေအနေကို တားပေးထားတယ်။ ကျနော် ဘာမှ မစစ်ဆေးဘူး။ တားပေးတယ်။ ကျနော် ကားကို တားပြီးတော့ ရဲစခန်းက ရဲတွေကို အပ်ပြီးလုပ်တဲ့အချိန်က ၉ နာရီ ၄၅၊ တကယ် စစ်ပြီးတော့ တာဝန်ရှိတဲ့သူတွေက လာတာက တည ကျော်သွားပြီးနောက် ၁၂ နာရီမှ လာတယ်။ အဲဒါတွေကို လေ့လာလိုက်ရင်တော့ တာဝန်ရှိတဲ့သူတွေရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ပေါ့လျော့တယ်လို့ ကျနော် သုံးသပ်ပါတယ်” လို့ ပြောပါတယ်။ အခုနောက်ပိုင်း သစ်ဖမ်းဆီးတဲ့နေရာမှာ သစ်တော၊ ရဲတပ်ဖွဲ့၊ သစ်တောရဲတို့အပြင် တပ်မတော်ကပါ ပူးပေါင်းပြီး လမ်းကြောင်းတွေမှာ လိုက်ပါပေးနေတယ်လို့ ဆိုပါတယ်။  ပဲခူးမြို့ခံ ဦးစိုးဝင်းက “ဖမ်းလည်း ဖမ်းနေတာပဲ၊ ဝင်လည်း ဝင်နေတာပဲ။ သစ်သမားတွေကလည်း ငွေကုန်ကြေးကျခံပြီး ရင်းသလို ဖမ်းတဲ့လူကလည်း ဖမ်းတယ်၊ အရေးယူတဲ့သူလည်း အရေးယူတယ်။ တချို့ကျတော့လည်း နားလည်မှုနဲ့ လွတ်လာတဲ့လူတွေလည်း ရှိတာပေါ့။ တရားဥပဒေမစိုးမိုးတဲ့အခါကျတော့ ဘယ်လိုပဲပိတ်ပိတ် သစ်ကတော့ ထွက်နေဦးမှာပဲ” လို့ ပြောပါတယ်။ ဒီလိုအန္တရာယ်ကြားက ဖမ်းမိထားတဲ့ သစ်ခိုးသူတွေကိုတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်မှာ တရားမဝင် သစ်တန် ၅၆၀၀ နီးပါးအထိ တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ သစ်တွေထဲမှာ ကျွန်းသစ်ကအများ ဆုံးဖြစ်တယ်လို့လည်း ပဲခူးတိုင်း သစ်တောဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024