မိုင်းဆတ်တွင် ပြည်သူ့စစ်ယူနီဖောင်းဝတ်တဦးကို သေဆုံးလျက် တွေ့ရှိ
DVB
·
February 22, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့၊ မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုရွာနဲ့ ပါဘောကျေးရွာအကြား ကားလမ်းဘေး တောင်ယာသွားလမ်းမှာ ဖေဖော်ဝါရီ ၂၁ ရက်မနက်ပိုင်းက ပြည်သူ့စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ လူတဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးတင်စောထွန်းက “သတင်းအရ သွားရောက်ခဲ့တာပါ။ ဦးခေါင်းနောက်စေ့ ၁ လက်မခွဲလောက် ပေါက်ပြဲဒဏ်ရာကနေ သွေးထွက်လွန် သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းတဲ့အခါ မိုင်းဆတ်မြို့နယ် ကျတီကျေးရွာအုပ်စု ၁၃ မိုင်ရွာသားဖြစ်ကြောင်း သိရပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၂ နှစ် ပီလယ် ဆိုသူဖြစ်ပြီး အခုလို သေဆုံးအောင် ပြုလုပ်ခဲ့သူကို မိုင်းဆတ်ရဲစခန်းက စုံစမ်းစစ်ဆေးနေပြီး လူသတ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အောင်ဇေယျ