Live
Home
မြန်မာသတင်း
တရုတ်နိုင်ငံသား ၁ ဦးအပါအဝင် လူနာ ၉ ဦးကို စောင့်ကြည့်ကုသ၊ လူနာ ၂၆ ဦး ရောဂါပိုး မတွေ့
DVB
·
February 16, 2020
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းအထိ တရုတ်နိုင်ငံသားတဦး အပါအဝင် လူနာ ၉ ဦးကို စောင့်ကြည့်လူနာအဖြစ် ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လတ်တလော ရန်ကုန်ဆေးရုံကြီးကတဆင့် ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင် စောင့်ကြည့်ကုသနေတဲ့ အသက် ၃၈ နှစ်ရှိ တရုတ်နိုင်ငံသားဟာ ယူနန်ပြည်နယ် လျန်ဟဲမြို့နေသူဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့  ဖျားတာ၊ လည်ချောင်းနာတာနဲ့ ဝမ်းသွားတဲ့ လက္ခဏာတွေ ခံစားနေရပေမယ့် စစ်ဆေးချက်တွေအရ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူ ၉ ဦးအနက် ဓာတ်ခွဲနမူနာယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးဖို့ စီစဉ်ဆဲ လူနာဟာ အဲဒီတရုတ်နိုင်ငံသားအပါအဝင်  ၄ ဦး ရှိပြီး သူတို့ဟာ မြစ်သားဆေးရုံက ၂ ဦး၊ လားရှိုးဆေးရုံက ၁ ဦးနဲ့ ဝေဘာဂီအထူးကုဆေးရုံက ၁ ဦး တို့ဖြစ်ပါတယ်။ ရည်ညွှန်းဓာတ်ခွဲခန်း အဖြေမရသေးတဲ့ စောင့်ကြည့်လူနာ ၅ ဦးကတော့ မိုင်းခတ်၊ မိုးကုတ်၊ မန္တလေး၊ လားရှိုးနဲ့ တောင်သာဆေးရုံတွေက အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၃ ဦးတို့ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာဝင် ထွက်ဂိတ်တွေ အပါအဝင် ဆေးရုံအခြေပြု၊ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကဆေးရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ် အခုလို ဆောင်ရွက်ရာမှာ ဇန်နဝါရီ နောက်ဆုံးပတ်ကနေ အခုချိန်ထိ စောင့်ကြည့်လူနာပေါင်း ၃၅ ဦးရှိတဲ့အနက် ဆေးရုံပေါင်း ၁၇ ခုက လူနာ ၂၆ ဦး (ကျား ၁၃၊ မ ၁၃) ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ ရောဂါပိုး မရှိတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်တလော ကျန်တဲ့ စောင့်ကြည့် လူနာ ၉  ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ သက်သာကောင်းမွန်နေပြီး သူတို့ရဲ့ဓာတ်ခွဲအဖြေတွေ ထပ်ရရင် ထပ်ပြီးသတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒီနေ့မနက်ပိုင်းထိ ၆၉၁၉၈ ဦး၊ သေဆုံးသူ ၁၆၆၉ ဦး၊ ပြန်လည်ကောင်းမွန်လာသူက ၉၅၃၈ ဦး ရှိတယ်လို့ သိရပါတယ်။   ကိုရိုနာဗိုင်းရပ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ သေဆုံးသူ ၆၉၁၉၄ ဦး၊ ပြင်သစ်၊  ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တဦးစီ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024