Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောက်ဖြူ ကျောက်ပုစွန်နှင့် ကင်းပုစွန်လုပ်ငန်းများ ရပ်တန့်
DVB
·
February 11, 2020
တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ရေလုပ်ငန်းတွေကို များစွာ ထိခိုက်လာနေပြီး ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ဂဏန်း ဝယ်ယူတာတွေ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ ကျောက်ပုစွန်နဲ့ ကင်းပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်အေးမောင်က “တရုတ်မှာ နှစ်သစ်ကူးတိုင်တာနဲ့ စျေးကောင်းဆုံးအချိန်မှာ ဒီဝူဟန်ဗိုင်းရပ်ဆိုပြီးပေါ်လာနဲ့ ကျနော်တို့ ဒီကျောက်ပုစွန်၊ ကင်းပုစွန်လုပ်ငန်းတို့ ဂယက်ရိုက်ပြီးတော့ တခါတည်း အရောင်းအဝယ် ရပ်ကိုရပ်သွားတယ်။ ဝူဟန်ကြောင့် တရုတ်တနိုင်ငံလုံးကို လေယာဉ်အသွားအလာပိတ်လိုက်တာနဲ့ မြန်မာနိုင်ငံမှာ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ချောင်းဂဏန်းဖြစ်တဲ့ မူဆယ်ဂဏန်းလို့ ခေါ်တယ် ဂဏန်းလုပ်ငန်းဟာ လုံးဝကို ရပ်ဆိုင်းသွားတာကိုတွေ့ရတယ်” လို့ ပြောပါတယ်။ အလိုရပ်တန့်သွားတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အလုပ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။ “ကျနော်တို့ အဲဒီလိုလုပ်ငန်းတခု ရပ်ဆိုင်းသွားတယ်ဆိုတာနဲ့ ရေလုပ်ငန်းသမားတွေဟာ တဆင့်ပြီးတဆင့် အထက်က ကုမ္ပဏီ၊ ကုမ္ပဏီကနေပြီးတော့ ကျောက်ဖြူမြို့မှာရှိတဲ့လုပ်ငန်းရှင်၊ လုပ်ငန်းရှင်ကနေပြီးတော့ နယ်မှာရှိတဲ့လုပ်ငန်းရှင်၊ နယ်မှာရှိတဲ့လုပ်ငန်းရှင်က တဆင့် ဖမ်းဆီးတဲ့သူတွေ၊ ဖမ်းဆီးတဲ့လူတွေက တခါ အလုပ်သမားတွေနဲ့ မိသားစုတွေကအစ တကယ့်ကို အခက်အခဲနဲ့ရင်ဆိုင်နေရတာကို တွေ့နေရပါတယ်။” ကျောက်ပုစွန်၊ ကင်းပုစွန် လုပ်ငန်းရှင် ကိုစိန်လှက “တရုတ်ပြည်က Export လက်မခံသလိုဘာလို အဲလိုကြားတယ်၊ အဲဒါကြောင့်မို့လို့ ရန်ကုန်တောင်ပို့လို့မရဘူး အဲဒီအနေအထားရှိတယ်။ အခုဆိုရင် ကျနော်တို့ဒိုင်မှာ ပစ္စည်းတွေအဝယ်နားထားတယ် အခုလောလောစဉ်။ ဘယ်အချိန်၊ ဘယ်ကာလမှာ ဖွင့်ရမယ်ဆိုတာ ကျနော်တို့ အတိအကျမပြောနိုင်ဘူး၊ အဲဒါကြောင့် အခုလောလောစဉ် ကန်မှာပစ္စည်းတခုမရှိဘူး” လို့ ပြောပါတယ်။ ပြီးခဲ့နှစ်တွေက အခုလိုလတွေမှာ ကင်းပုစွန်နဲ့ ကျောက်ပုစွန် အမျိုးအစားအလိုက် တစ်ကီလိုလျှင် ၁ သိန်း ကျော်ထိ ပေါက်စျေးရှိခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စျေးထိုးကျပြီး စျေးကွက်ပျက်သွားခဲ့တဲ့အတွက် ကျောက်ပုစွန်၊ ကင်းပုစွန်တွေဟာ တစ်ကီလိုကို သောင်းကဏန်းလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။ ကျောက်ပုစွန်၊ ကင်းပုစွန် လုပ်ငန်း ရေရှည်ရပ်တန့်ထားရပါက ဒေသအတွင်း ရေလုပ်ငန်းကို မှီခိုလုပ်ကိုင်စားသောက်သူတွေ အခက်အခဲများစွာ ကြုံရနိုင်တာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ တခြားနိုင်ငံတခုခုကို တင်ပို့ခွင့်ရအောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024