Live
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများ အရေးယူမည်ဟု ဝန်ကြီးချုပ်ပြော
DVB
·
February 8, 2020
မကွေးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေကို သေချာစွာစိစစ်ပြီး အရေးယူသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ တိုင်းအတွင်း မကွေးမြို့မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတဲ့ အဆောက်အအုံ ၃၀ လောက်ရှိနေပြီး ကျန်မြို့နယ်တွေက ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတဲ့ အဆောက်အအုံ စာရင်းတွေကိုလည်း သေချာစိစစ်ကောက်ယူကာ အရေးယူဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ “အရင်အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပေးထားပြီး လက်ရှိအစိုးရလက်ထက် မသိလိုက်ရတာတွေ ရှိ​တယ်။ အခုလက်ရှိ မကွေးမှာဆိုလို့ရှိရင် ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိကဆေးရုံတရုံ ဆောက်လုပ်ထားတာရှိတယ်၊ နာမည်တော့ မပြောလိုဘူး။ မင်းဘူးမှာ ဆိုရင်လည်း ဟိုတယ်လုပ်မယ်ဆိုပြီး ၅ ထပ် အထပ်မြင့်အဆောက်အအုံ ဆောက်တယ်။ အဲဒီ ၅ ထပ်အဆောက်အအုံ ဆိုလို့ရှိရင် ဆောက်လို့ ၇၅ ရာခိုင်နှုန်းလောက် ပြီးခါမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒီဟိုတယ်ဆောက်ခွင့်ဆိုပြီး တင်တယ်၊ ကျနော်က ဘယ်နှယ့်လုပ်ပြီးတော့ ခွင့်ပြုရမှာလဲ၊ စည်းမဲ့ကမ်းမဲ့ဖြစ်တာပေါ့။ ဒါကြောင့်မလို့ စည်းကမ်းနဲ့အညီ စိစစ်ဖို့‌အတွက် ဆောက်လုပ်ခွင့် ရပ်ခိုင်းထားတယ်။” တိုင်းအတွင်း မြေလွတ် မြေလပ် မြေရိုင်းတွေကိုလည်း စိုက်ပျိုးခွင့်လျှောက်ထားပြီး တကယ်မစိုက်ပျိုးဘဲ ဝိုင်းခတ်အဆောက်အအုံ ဆောက်လုပ်နေကြောင်း၊ မြို့အတွင်းလည်း ခွင့်ပြုချက်မရရှိသေးဘဲ ဆောက်လုပ်နေတာတွေကို စည်ပင်နဲ့ဆိုင်ပါက စည်ပင်၊ ဆောက်လုပ်ရေးနဲ့ ဆိုင်ပါက ဆောက်လုပ်ရေးကို စိစစ်ခိုင်းပြီး တိုင်းအစိုးရထံ တင်ပြခိုင်းထားတယ်လို့ ဆိုပါတယ်။ “စည်းမျဉ်းစည်းကမ်းနဲ့ ညီ မညီ စိစစ်သလား၊ ညီရင် ဆက်ပြီးတော့ ခွင့်ပြုမယ်၊ ဘယ်လို ခွင့်ပြုမှာလဲ၊ ဒဏ်တပ်ရမှာလား၊ အပြီးကို ဖျက်ရမှာလား၊ စည်ပင်ဥပဒေ နည်းဥပဒေတွေ ရှိပါတယ်၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျနော်တို့ ဆက်လုပ်မယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အဆောက်အအုံ အများစုဟာ ဥပဒေနဲ့မညီ၊ ခွင့်ပြုချက်မရသေးဘဲနဲ့ ဆောက်နေတာတွေ ရှိနေတယ်လို့ မကွေးတိုင်း စီမံကိန်း ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။ “အဲဒါတွေအကုန်လုံး စာရင်းယူထားတယ်၊ ယူပြီးတော့ ဘာဆက်လုပ်ရမလဲ ဆိုတာကို အစိုးရအဖွဲ့မှာ ဆွေးနွေးပြီးတော့မှ ဥပဒေအရ ခွင့်ပြုချက်မရဘဲနဲ့ လုပ်သော်လည်းပဲ အဆောက်အဦ ဆောက်တဲ့အခါမှာ စည်းနဲ့ကမ်းနဲ့ ဆောက်ထားတာဆိုရင်တော့ တမျိုးပေါ့၊ ဥပဒေနဲ့မညီ ဆောက်ထားတာလည်း ရှိမယ်၊ ဥပဒေအညီမတောင်းပဲနဲ့လုပ်ထားတာမျိုးလည်း ရှိမယ်။ ဘေးပတ်ဝန်းကျင်အန္တရာယ် ဖြစ်စေနိုင်မယ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ အရေးယူမှာပေါ့။ ဒါကိုတော့ အစည်းအဝေးထိုင်ပြီးမှ လုပ်လို့ရမှာပါ၊ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာ မကွေးမြို့‌ပေါ်မှာ ၃၀ ကျော်ရှိတယ်၊ တတိုင်းလုံးဆိုရင် ပိုရှိမှာပေါ့။” တင်ရွှေ(မင်းဘူး)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024