မြစ်ဆုံရေကာတာနှင့် ပတ်သက်သည့် သဘောထား တောင်းခံ
DVB
·
March 4, 2013
ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက်တဲ့ တရုတ် စီပီအိုင် ကုမ္ပဏီဟာ ဒီစီမံကိန်း ဆက်လုပ်သင့် မသင့် ဒေသခံတွေဆီက သဘောထား လိုက်လံတောင်းခံနေတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။
မြစ်ဆုံရေကာတာ ဆောက်လို့ ရွှေ့ပြောင်းခံရတဲ့ တန်ဖဲရွာသားတွေ အပါအ၀င် အခြား ရွာသူရွာသားတွေကို နေရေးထိုင်ရေး အဆင်ပြေလား၊ ဘာတွေ အခက်အခဲရှိလဲ တအိမ်တက်ဆင်း မေးမြန်းပြီး မြစ်ဆုံ ရေကာတာတည်ဆောက်ရင် ရွာသားတွေ ရလာနိုင်တဲ့ အကျိုးအမြတ်တွေကို ပြောဆိုရှင်းပြတယ်လို့ ဆိုပါတယ်။
ဒါတင်မက တရုတ် စီပီအိုင် ကုမ္ပဏီဟာ ကချင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကိုပါ မြစ်ဆုံဆည် ပြန်လည် တည်ဆောက်ရေးကိစ္စ စာရေးသားသဘောထား တောင်းခံနေတယ်လို့ သိရပါတယ်။