Home
မြန်မာသတင်း
ဟံသာဝတီယာဉ်စခန်းပြောင်းရွှေ့ခိုင်းမှု ကန့်ကွက်ဆန္ဒပြ
အေးနိုင်
·
February 26, 2013
ရန်ကုန်မြို့တော်စည်ပင်သာယာအနေနဲ့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း (ကြံတောသချုင်္ိင်းဟောင်း) မှာ အခြေချလုပ်ကိုင်နေတဲ့ မော်တော်ယာဉ်ရောင်းဝယ်ရေး သမားတွေကို ဒီလ ၂၈ ရက်နေ့ ပြောင်းခိုင်းမှုနဲ့ပတ်သက်လို့ ကားသမား ၁၀၀၀ ၀န်းကျင်က မပြောင်းလဲလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့မှာ ဒီနေ့ဆန္ဒပြကြပါတယ်။ ကြံတောသချုင်္ိင်းဟောင်းမှာ ၁၆ နှစ်ကြာ အခြေချလုပ်ကိုင်ခဲ့သူတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာက ဒီလလယ်ပိုင်းက နှစ်ကြိမ်တိုင် မေတ္တာရပ်ခံ စာပေးပို့ဖယ်ခိုင်းပြိး သီရိမင်္ဂလာဈေးဟောင်းနေရာကို ပြောင်းရွှေ့ခိုင်းတာပါ။ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမော်တော်ကားရောင်းဝယ်ရေးအသင်းချုပ် (ဗဟို) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက “လူဦးရေ ထောင်ကျော်တယ်။ ၀င်းထဲကထွက်တာ ကားအစီးရေ ၇၀-၈၀ လောက်ထွက်သွားတယ်။ ကားတွေပေါ်မှာ ဆန္ဒထုတ်ဖော်တဲ့အဖွဲ့တွေနဲ့ မပြောင်းရွှေ့ရရေးအဖွဲ့တွေ ပါတယ်။ ဗဟိုလမ်းနဲ့ ရှင်စောပုလမ်းထောင့်ကနေ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် တခေါက်ပဲ လျှောက်ပြတာပါ။ အချိန်က နာရီဝက်လောက်ပဲ ကြာပါတယ်” လို့ ဆိုပါတယ်။ လက်ရှိလုပ်ကိုင်နေသူတွေကို ဖယ်ရှားပြောင်းရွှေ့ခိုင်းပြီး အဲဒီနေရာကို စည်ပင်သာယာနဲ့ အကျိုးတူကုမ္ပဏီတခုက ပူးတွဲပြီး ရန်ကုန်ကားပလာဇာဝင်းတခု တည်ဆောက်မှာဖြစ်ပါတယ်။ ဆန္ဒပြပွဲဟာ အေးအေးချမ်းချမ်း ပြီးဆုံးသွားပြီး မနက်ဖြန်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့ သွားရောက် ဆန္ဒထုတ်ဖော်ကြမယ်လို့ ဆိုပါတယ်။ “မြို့တော်ခန်းမရှေ့ကို ကားနဲ့ဖြတ်သန်းသွားမယ်။ ဆန္ဒထုတ်ဖော်တာ အသံတသံမှ မထွက်ဘူး။ ဟိုရောက်ရင် ကားတွေတန်းစီမယ်။ ကားပေါ်က အကုန်ဆင်းမယ်၊ အေးအေးဆေးဆေးပဲ ကျနော်တို့လိုချင်တဲ့ ဆန္ဒထုတ်ဖော်တဲ့အဖွဲ့နဲ့ မပြောင်းရွှေ့ရရေးအဖွဲ့တွေက တောင်းဆိုချက်လေးတွေ တောင်းဆိုပြီးရင် အချိန်အနည်းငယ်ပြီးတာနဲ့ ကိုယ့်နေရာကိုယ်ပြန်မယ်။ အဲသဘောပါပဲ။” ကားသမားတွေက သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆွေးနွေးချင်ပေမယ့် ခွင့်မရဘဲ ဖြစ်နေကြတာပါ။ ကြံတောသချုင်္ိင်းဟောင်းမှာ လက်ရှိ လုပ်နေကြတဲ့ မော်တော်ကား ရောင်းဝယ်ရေးစခန်းနေရာဟာ ၁၉၉၇ ခုနှစ်က မြို့တော်ဝန် ဦးကိုလေးလက်ထက်က ခွင့်ပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024