အိမ်တွင်းလေထုညစ်ညမ်းမှုကို သတိထားကြရန် တိုက်တွန်း
DVB
·
January 27, 2020
ရန်ကုန်မြို့ပြမှာနေထိုင်သူတွေအနေနဲ့ ပြင်ပလေထုညစ်ညမ်းမှုအပြင် မိမိအိမ်တွင်းမှာ ဖြစ်ပေါ်နိုင်တဲ့ လေထုညစ်ညမ်းမှုကိုပါ သတိထားသင့်တယ်လို့ လေထုညစ်ညမ်းမှု ပညာပေးသူတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယပြခန်းမှာ ကျင်းပခဲ့တဲ့လေထုညစ်ညမ်းမှုနဲ့ လူနေမှုဘဝဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
ရန်ကုန်မြို့မှာနေထိုင်တဲ့လူအများစုဟာ ပြတင်းပေါက်လုံလောက်စွာမရှိတဲ့ နေအိမ် တိုက်ခန်းတွေထဲမှာ နေထိုင်ကြပြီး အိမ်တွင်းလေထုညစ်ညမ်းမှုကို နေ့စဉ်နီးပါးကြုံတွေ့နိုင်ပါတယ်။
ဒါ့အပြင် ရိုးရာယုံကြည်မှုအရ လုံနေတဲ့အခန်းထဲမှာ အမွှေးတိုင်တွေထွန်းတာ ခြင်ယင်ပေါ အားတဲ့အတွက် ခြင်ဆေးခွေတွေထွန်းတာဟာ အိမ်တွင်းလေထုညစ်ညမ်းစေနိုင်ပြီး အသက်ရူကြပ်တာနဲ့ ရင်ကြပ်တာ စတဲ့ နာတာရှည်ကျန်းမာရေးပြဿနာတွ ဖြစ်ပေါ်စေနိုင်တယ်လို့ လည်း လေထုညစ်ညမ်းမှုပညာပေးသူတွေက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေဟာ ပြီးခဲ့တဲ့လက အနီရောင်အဆင့် ၁၅၉ ဖြစ်နေတယ်လို့ ကျန်းမာရေး ထိခိုက်ဆိုးရွားစေတဲ့အဆင့်ကို ရောက်နေပြီလို့ လေထုအရည်အသွေးကို နေ့စဉ် တိုင်းတာနေတဲ့ အဖွဲ့ထံက ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၇ ဒီနေ့မနက်မှာတော့ ရန်ကုန်ရဲ့ လေထုရဲ့ အရည်အသွေး သတ်မှတ်ချက် အညွန်းကိန်းဟာ ၁၀၇ ဖြစ်နေတယ်လို့ Air Quality Yangon (AQI) က ထုတ်ပြန်ထားပါတယ်။