တရုတ်တွင် ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာကို ခရီးသွားဝင်ရောက်မှု မကျ

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ အပါအဝင် တခြား အကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသည် အဝင်နည်းတာမရှိဘူးလို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ရဲ့ ၆ ကြိမ်မြောက်ည ညစာစားပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်မှာ ကျင်းပခဲ့ပြီး အခုလို ပြောဆိုလိုက်တာပါ။  မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကြောင့် တရားစွဲဆိုခံနေရတာ၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ လက်တလော တရုတ်နိုင်ငံမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ခရီးသွား ဝင်ရောက်မှု ကျဆင်းမှု ရှိ၊ မရှိ မေးမြန်းတဲ့အပေါ် နိုင်ငံခြားခရီးသည် ဝင်ရောက်မှု ပုံမှန်ရှိနေဆဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ကျနော်တို့ဆီမှာတော့ ပုံမှန်ဧည့်သည်တွေက ဝင်ထွက်နေတဲ့အနေအထား ရှိပါတယ်။ တခြား အကြောင်းအရာတွေကြောင့်တော့ အဝင်နည်းသွားတာတို့၊ မလာတာတို့တော့ မရှိပါဘူး။ ပုံမှန် ဝင်ထွက်နေတဲ့ အနေအထား ရှိပါတယ်" လို့ ဦးတင်မြင့်က ပြောပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့်လည်း ငပလီကို နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု ထိခိုက်မှုမရှိသလို အရင်ထက် ပိုဝင်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား ဝင်ရောက်မှုဟာ ၆ သန်းအောက်သာ ရှိသေးသလို ထိုင်းနိုင်ငံက ၃၈ သန်းလောက်အထိ များတဲ့အပေါ် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များအောင်လုပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ထောက်ပြပါတယ်။ ရန်ကုန်မြို့မှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပိုင်တဲ့ ဟိုတယ် ၃၄၆ လုံးရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်၂၀ ရှိပါတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သံသယလူနာ မြန်မာနိုင်ငံမှာ လုံးဝမရှိသေးကြောင်းနဲ့ နိုင်ငံတွင်း ဝင်ပေါက်အားလုံးကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာ နောက်ထပ် ၁၅ ယောက် သေဆုံးခဲ့ပြီး အဲဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၁ ယောက်အထိ ရှိလာပြီလို့  တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up