အိန္ဒိယ မူးယစ်ဆေးဝါးမိမှု စစ်တပ်အရာရှိကြီးပါ ဖမ်းမိ
DVB
·
February 25, 2013
မြန်မာပြည်ကို ရောင်းချမယ့် အိန္ဒိယရူပီးငွေ သန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခံရမှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မှုးယစ်ဆေးဝါးဖမ်းဆီးမှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ တုန်လှုပ်ဖွယ်ရာ သတင်းအနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
[caption id="attachment_36824" align="alignleft" width="150" caption="(Photo_Indiatimes)"][/caption]
အိန္ဒိယ-မြန်မာနယ်စပ်က မိုရေးမြို့ကို မောင်းနှင်လာတဲ့ ကား ၃ စီးကို မဏိပူရပြည်နယ် ထောင်ဘားခရိုင်က ပါလဲမြို့ စစ်ဆေးရေးဂိတ်ကို ဖြတ်အပြီးမှာ မဏိပူရပြည်နယ် ကွန်မန်ဒိုရဲအဖွဲ့က လိုက်လံ ဖမ်းဆီးရရှိလိုက်တာ ဖြစ်ပါတယ်။
ကား ၃ စီးထဲမှာ အိန္ဒိယ ရူပီးငွေ သန်း ၁၅၀ တန်ဖိုးရှိတဲ့ အိန္ဒိယနိုင်ငံထုတ် စီဒို အက်ဖီဒမင်း ဟိုက်ဒိုကလိုရိုက် မူးယစ်ဆေးတွေကို ဖမ်းဆီးရရှိခဲ့တာပါ။ အိန္ဒိယငွေ ၁ ရူပီးဟာ မြန်မာငွေ ၁၆ ကျပ်နီးပါးနဲ့ ညီမျှပါတယ်။
ဒုတိယဗိုလ်မှူးကြီး အာဂျေးကျောင်သရီး စီးနင်းလာတဲ့ ဘော်လီယို ကားအဖြူပေါ်မှာ Govern of India Ministry of Defense ဆိုတဲ့ စာတမ်းနဲ့အတူ အချက်ပြမီးနီကို တင်ဆောင်မောင်းနှင်လာတဲ့အတွက် အင်ဖားမြို့နဲ့ ပါလဲမြို့အကြားမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်နိုင်ခဲ့တာလို့သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒုတိယဗိုလ်မှူးကြီး အာဂျေး ကျောင်သရီးနဲ့အတူ ဖမ်းဆီးခံရတဲ့ လူ ၅ ဦးထဲမှာ အိန္ဒိယနိုင်ငံ အင်ဒီဂိုလေကြောင်းလိုင်းက လက်ထောက်မန်နေဂျာ တဦးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီး အာဂျေးကျောင်သရီးကတော့ ကားထဲမှာ မူးယစ်ဆေးဝါးတွေ ပါလာတာ သူ့အနေနဲ့ လုံးဝမသိရပါဘူးလို့ ငြင်းဆိုထားပါတယ်။
မဏိပူရပြည်နယ်ကနေ မြန်မာပြည်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေအနက် အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အရေအတွက်ဟာ ဒီနှစ်အတွင်း အကြီးမားဆုံးဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။